ဆိုက်က္ကားနင်းရင်း အနုပညာလောကမှာ အောင်မြင်အောင်ကြိုးစားခဲ့သူ ဟာသလူရွှင်တော်ကြီး ဧရာ ရဲ့ဘဝအကြောင်း

ကေသီပန်ကြော်ငြာနဲ့ ဦးဧရာကြီးကို စသိခဲ့တာနော် ???

ဆိုက်က္ကားနင်းရင်း အနုပညာလောကမှာ အောင်မြင်အောင်ကြိုးစားခဲ့သူ ဟာသလူရွှင်တော်ကြီး ဧရာ ရဲ့ဘဝအကြောင်း

ဒီတစ်ခါမှာတော့ ပရိသတ်တွေကို ဟာသတွေနဲ့ပျော်စေခဲ့တဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဧရာ ရဲ့ ဘဝအကြောင်းကို ပရိသတ်တွေအတွက် တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ 

လူရွှင်တော်ကြီး ဧရာ ရဲ့နာမည်အရင်းကတော့ ဦးဧရာမြိုင် ဖြစ်ပြီး မွေးချင်းမောင်နှမ ၁၁ ယောက်ရှိပါတယ်။ ၈ တန်းကျောင်းသား ဘဝကတည်းက  "ပျော်တော်ဆက် မောင်ရာ" ဆိုတဲ့ နာမည်နဲ့ ကက်ဆက်ဇာတ်လမ်းခွေတွေအတွက် ဇာတ်လမ်းတွေ ရေးသားခဲ့တဲ့အပြင် အသံသရုပ်ဆောင်အဖြစ်လည်း စတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။  ဧရာ ဟာ ၈ တန်းအောင်လို့ ၉ တန်းရောက်တဲ့နှစ်မှာ သီချင်းတွေစတင်ရေးသားခဲ့ပြီး ရရှိလာခဲ့တဲ့ အခကြေးငွေလေးတွေနဲ့ ဆိုင်ကယ်ဝယ်စီးနိုင်ခဲ့ပါတယ်။ ထို့နောက် ကြော်ငြာခေတ်ရောက်တဲ့အခါ ကေသီပန်ကြော်ငြာအပါအဝင် ကြော်ငြာအချို့မှာ ပါဝင်ခွင့်ရခဲ့တယ်။ အနုပညာလှုပ်ရှားမှု့တွေအများကြီး ထပ်လုပ်ချင်ခဲ့ပေမယ့် စီးပွားရေးအခြေအနေကြောင့် မိခင်နဲ့အတူ အထည်ဟောင်းတွေကို ညစျေးမှာ ဝိုင်းကူရောင်းခဲ့ရပြီး ရန်ကုန်ကနေ ညောင်တုန်းမြို့ကို ပြောင်းခဲ့ရကာ အဲ့ဒီမှာပဲ ၉ တန်းအထိကျောင်းတတ်ခဲ့ရတယ်။ ပညာတစ်ပိုင်းတစ်စနဲ့ ရန်ကုန်ပြန်တတ်လာတဲ့အချိန်မှာ ကျောင်းဆက်တတ်ခွင့်မရတော့ဘဲ အိမ်ရဲ့စီးပွားရေးကြောင့် အပြင်ဖြေအနေနဲ့ပဲ ညကျောင်းတတ်ခဲ့ရပြီး ဆိုက်ကားနင်းပြီး ပိုက်ဆံရှာခဲ့တယ်။ အဲ့လိုကြိုးစားရုန်းကန်နေရတဲ့ကာလအတွင်း အနုပညာခြေလှမ်းအနေနဲ့ တေးသံရှင် ခင်မာချို၊ ကျော်ထူး တို့နဲ့တွဲဖက်ပြီး အပျော်တမ်းလူရွှင်တော်အဖြစ် အငြိမ့်ကခဲ့ပြီး ကေသီပန်ကြော်ငြာနဲ့ လူသိများအောင်မြင်ခဲ့တယ်။

ဧရာ ဟာ ငယ်စဥ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ လူရွှင်တော် ကျော်ထူးနဲ့အတူ "ခြေကောက်" လို့ခေါ်တဲ့ အပျော်တမ်းလူရွှင်တော်ဘဝကနေ ကြိုးစားရုန်းကန်လာရင်း ရုပ်ရှင်နဲ့ဗီဒီယိုလောကကို ရောက်ရှိလာခဲ့ပြန်ပါတယ်။ ပထမဆုံးအနေနဲ့ ရဲအောင် နဲ့ မင်းသမီး မို့မို့မြင့်အောင် တို့ရဲ့ "ခွဲမသွားနဲ့အချစ်ဆုံးရယ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ခွင့်ရခဲ့တယ်။ အဲ့ဒီကနေ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ဟာသသရုပ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့ပြီး "နှာတစ်ပြားသာတဲ့ နှာတစ်ပြားသာ" ဇာတ်ကားကို ကျော်ထူးနဲ့တွဲဖက်သရုပ်ဆောင်ခဲ့ကာ ကိုယ်တိုင်ကဒါရိုက်တာအနေ ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့လည်း အခြားဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပါသေးတယ်။  လူရွှင်တော် ဧရာ ရယ်လို့ နာမည်တစ်ခုရရှိလာအောင် ပြက်လုံးပညာတွေကို သင်ကြားပြသပေးခဲ့သူတွေကတော့ ကျော်ထူးရဲ့ဖခင် လူရွှင်တော်ကြီး ဦးတောင်စိုး နဲ့ ဒုတိယဆရာ ကတော့ ကျော်ထူး ပဲ ဖြစ်ပါတယ်။ ကျော်ထူး ဟာ ဧရာ ထက် သုံးနှစ်နီးပါးအသက်ကွာခြားပြီး ဇာတ်သဘင်လောကမှာ အရင်ဆုံးကျင်လည်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ 

လူရွှင်တော် ဧရာ ကတော့ စာဖတ်ရတာကို သဘောကျသူဖြစ်ပြီး "စာဖတ်မှခေတ်မှီတဲ့ ပြက်လုံးတွေထွက်မှာ" ဆိုတဲ့ ခံယူချက်ရှိသူတစ်ဦးဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း စာတွေကဗျာတွေ ရေးသားတဲ့သူတစ်ဦးဖြစ်တာကြောင့် "နွားကျောင်းသားအိမ်မက်တစ်ဆယ့်ခြောက်ချက်၊ ဟင်းချက်မစားတဲ့ရပ်ကွက်" အစရှိတဲ့စာအုပ်များအပါအဝင် ဟာသဝတ္တုလေးတွေကို "ဧရာ" ဆိုတဲ့ ကလောင်နာမည်နဲ့ထုတ်ဝေခဲ့ဖူးပါတယ်။  

လူရွှင်တော်အလုပ်ကို ဝါသနာကြီးတဲ့ ဧရာ ဟာ လူရွှင်တော်ပညာကို ကံ၊ညဏ်၊ဝီရီယစိုက်ပြီး အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။  ကိုယ်တိုင်စင်ပေါ်မတတ်ရခင်ကတည်းက နောက်ကွယ်ကနေ အနုပညာတွေကိုဖန်တီးပေးခဲ့သူဖြစ်တာကြောင့် တတ်သစ်စ လူငယ်လူရွှင်တော်လေးတွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာကောင်းတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၃၅လမ်းမှာ ကုမ္မဏီထောင်ပြီး ဝါသနာပါတဲ့လူရွှင်တော်လေးတွေကို ပညာသင်ကြားပေးရင်း ရုပ်ရှင်တွေမှာပါခွင့်ရအောင် ကူညီပေးခဲ့တဲ့အပြင် နယ်ကတတ်လာတဲ့ လူရွှင်တော်လေးတွေကို နေစရာ၊စားစရာပေးပြီး ဖေးမပေးခဲ့ပါတယ်။ သူဟာ "လူရွှင်တော်အငယ်တွေကို ချစ်သလို၊ လူရွှင်တော်အကြီးတွေရဲ့ ကျေးဇူးကို မမေ့မလျေ့ာနဲ့ဂါရဝပြုလိုတဲ့ စိတ်မျိုးရှိသူပါ။ ဒါကြောင့်လဲ လူရွှင်တော်ကြီး ဧရာ ဟာ လူရွှင်တော်အသင်းကြီးကို ဖြစ်မြောက်အောင် တည်ထောင်ပေးခဲ့ပြီး သက်ကြီးလူရွှင်တော်တွေကို နှစ်စဥ်ကန်တော့တဲ့အစီအစဥ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ လူရွှင်တော်အသင်းရဲ့ နာယကတစ်ဦးဖြစ်တဲ့ ဧရာ ဟာ "လူရွှင်တော်ရွှေဖလား၊ လူရွှင်တော်စတား" စတဲ့တတ်သစ်စလူရွှင်တော်တွေကို မြေတောင်မြောက်ပေးတဲ့အစီအစဥ်တွေမှာ ပါဝင်ခဲ့ကာ ဆရာကောင်းတစ်ဦးဖြစ်တဲ့ ဧရာ မှာ တပည့်တပန်းများစွာပေါများခဲ့ပါတယ်။

ရုပ်ရှင်၊ ဗီဒီယိုဟာသဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကို ရယ်မောစေခဲ့တဲ့ လူရွှင်တော်ကြီး ဧရာ ကတော့ ခါးနာဝေဒနာကြောင့် ခွဲစိတ်ကုသမှု့ခံယူခဲ့ရပြီး ကျန်းမာရေးအခြေအနေအရ အနုပညာအလုပ်တွေ ခဏတာရပ်နားခဲ့ရပါတယ်။ ဒီလို ရောဂါအခံရှိပြီး နာတာရှည်ဝေဒနာကို ခံစားနေရတဲ့ လူရွှင်တော်ကြီး ကတော့ အသက် ၆၁ နှစ်အရွယ်မှာ  Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ မနက်  ၃ နာရီ ၃၉ မိနစ်မှာ ဘဝတစ်ပါးကိုကူးပြောင်းခဲ့ပါတယ်။

လူရွှင်တော်ကြီး ဧရာ ဟာ ကွယ်လွန်သွားခဲ့တဲ့အချိန်ထိ ဘဝတစ်လျှောက်လုံး သူတစ်ပါးအပေါ် ကူညီဖေးမတတ်တဲ့အပြင် အနုပညာကိုရိုးရိုးသားသားနဲ့ ဝီရီယရှိရှိကြိုးစားခဲ့တဲ့ စိတ်ထားလေးဟာ တပည့်တွေအားလုံးအတွက် လေးစားအတုယူဖွယ်ပင် ဖြစ်ပါတော့တယ်။