ပရိသတ်တွေကိုပြုံးပန်းဝေခဲ့တဲ့ တချိန်က ဟာသသရုပ်ဆောင်ကြီး ဒေါ်ဂွက်ထော်
ဒေါ်ဂွက်ထော် ဟာ ပရိသတ်အချစ်တော် ဟာသသရုပ်ဆောင် ကြူကြူသင်း ရဲ့ မိခင်ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်ခေတ်အဆက်ဆက်မှာ အနုပညာတာဝန်ကျေပြီး ချစ်စရာ့ကောင်းတဲ့ ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ ဖိုးပါကြီး၊ ဂျော်လီဆွေ ၊ ဦးပလာတာ ၊ ဦးစံမတူ ၊ မေတ္တာ ၊ကွမ်းသီး ၊မော့စ် ၊ မိုးဒီ စသဖြင့် ဟာသသရုပ်ဆောင်များစွာရှိတဲ့အထဲက ထူးထူးခြားခြား ယနေ့တိုင် မမေ့နိုင်ဘဲ ပရိသတ်တွေရင်ထဲမှာ စွဲမြဲကျန်ရှိနေခဲ့တဲ့ အမျိုးသမီးဟာသသရုပ်ဆောင်ကတော့ ဒေါ်ဂွက်ထော် ဖြစ်ပါတယ်။
ဆယ်စုနှစ်များစွာဆီက မြန်မာ့ရုပ်ရှင်လောကကို နောက်ကြောင်းပြန်လှည့်ကြည့် မယ့်ဆိုရင် မြန်မာဇာတ်ကားတိုင်းမှာ ဟာသဇာတ်ဝင်ခန်းတွေမှာ ဒေါ်ဂွက်ထော် မပါရင်မပြီးလောက်တဲ့အထိ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးခဲ့ရပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုများစွာ ရရှိခဲ့ပါတယ်။ ဟာသသရုပ်ဆောင် ဒေါ်ဂွက်ထော် ကို ဖခင် ရှေးလူရွှင်တော်ကြီး ဦးတောက်ထိန်း နဲ့ မိခင် ဒေါ်အေးတို့ က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မှာ မွေးဖွားခဲ့ပြီး မောင့်နှမ ငါးယောက်ရှိတဲ့အနက် အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။
ကြည့်မြင်တိုင်မှာမွေး ကြည့်မြင်တိုင်မှာကြီးပြင်းလာခဲ့တဲ့ ကြည့်မြင်တိုင်သူစစ်စစ် ဒေါ်ဂွက်ထော်ဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်လို ဆိုရမှာပါ။ ဖခင်ဖြစ်သူက နာမည်ကြီးလူရွှင်တော်ကြီး ဦးတောက်ထိန်း ဖြစ်သလို ရေနစ်သေဆုံးသွားခဲ့တဲ့ အကိုအကြီးဆုံး စိန်ဗေဒါ ဟာလည်း လူရွှင်တော်တစ်ဦးဖြစ်ပါတယ်။ အစ်မအကြီးဆုံးကတော့ ရိုးရိုးသာမန်အရပ်သူဖြစ်ခဲ့ပေမယ့် အစ်မလတ် နီပွန်စိန် နဲ့ အစ်မငယ် လွတ်လပ်ရေး အောင်သန်းတင် တို့နှစ်ယောက်ကတော့ အငြိမ့်မင်းသမီးတွေဖြစ်ခဲ့ကြပြီး သူမကိုယ်တိုင်လည်း အစ်မနှစ်ယောက်နဲ့ အတူ အငြိမ့်ကခဲ့ရာမှာ စိန်ဂွက်ထော်ဆိုတဲ့ နာမည်နဲ့အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။
ဖခင်ရဲ့ အနုပညာလမ်းစဥ်အတိုင်း ငယ်စဥ်ကတည်းက အနုပညာဗီဇဝါသနာကြီးလွန်းသူ အငြိမ့်မင်းသမီး စိန်ဂွက်ထော် ဟာ အငြိမ့်သဘင်လောကမှာ နာမည်ကြီးလာခဲ့ပြီးနောက် စန္ဒယားဦးအောင်သန်း နဲ့ အိမ်ထောင်ကျခဲ့ပြီး တစ်ဦးတည်းသောသမီးလေးအဖြစ် ပရိသတ်တွေရဲ့အချစ်တော် နာမည်ကျော်ဟာသသရုပ်ဆောင် ကြူကြူသင်းကိုမွေးဖွားခဲ့ပါတယ်။
ကြူကြူသင်း ကိုမွေးဖွားခဲ့ပြီးတဲ့နောက် ယောကျာ်းဖြစ်သူ စန္ဒယားဦးအောင်သန်း နဲ့အတူ ရုပ်ရှင်နောက်ခံတီးလုံးတွေတီးရာ နောက်လိုက်ရင်း ရုပ်ရှင်ဇာတ်ဝင်ခန်းတေးသီချင်းတွေသီဆိုလာခဲ့ပြီး ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ ပိုမိုနီးစပ်လာခဲ့ကာ အသိမိတ်ဆွေတွေ ပိုမိုများပြားလာခဲ့တယ်။ဒါ့အပြင် နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ ဦးသာဓု ရဲ့ မိန်းမ နဲ့ စန္ဒယားဦးအောင်သန်း တို့က မောင်နှမ တွေဖြစ်ခဲ့တာကြောင့် ရုပ်ရှင်အဆက်အသွယ်ကောင်းရခဲ့တဲ့ ဒေါ်ဂွက်ထော်ဟာ ရုပ်ရှင်လောကထဲကို တဖြေးဖြေး ရောက်မှန်းမသိရောက်လာခဲ့ပြီး အငြိမ့်မင်းသမီး၊ တေးသံရှင် စိန်ဂွက်ထော် ဘဝကနေ သရုပ်ဆောင် ဂွက်ထော် ဖြစ်လာခဲ့ပါတယ်။
ဒါရိုက်တာဦးသာဓု ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ စတင်သရုပ်ဆောင်ခဲ့ရပြီးနောက် ဒါရိုက်တာမောင်ဝဏ္ဏရိုက်ကူးခဲ့တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများစွာမှာလည်း ဟာသဇာတ်ဝင်ခန်းများစွာ ပါဝင်ရိုက်ကူးခဲ့ရာကနေ မြန်မာ့ရုပ်ရှင်အဖြူအမည်းခေတ်ရုပ်ရှင်ဇာတ်ကားများနဲ့ ဗီဒီယိုခေတ်ဦးဇာတ်ကားများစွာမှာ ပါဝင်ရိုက်ကူးခဲ့ရပြီး ပရိသတ်တွေချစ်ခင်အားပေးမှုရရှိလာတဲ့ နာမည်ကျော်ဟာသသရုပ်ဆောင်ဒေါ်ဂွက်ထော်ဖြစ်လာခဲ့ပါတယ်။
ဒါရိုက်တာ မောင့်ဝဏ္ဏ ရိုက်ကူးခဲ့တဲ့ စည်းနဲ့ဝါး ၊ ဇာခန်းဆီနောက်ကွယ်မှ ၊ ဒါရိုက်တာဦးနန္ဒ ရိုက်တဲ့ ရန်စွယ်ကြားမှ လှဥမ္မာ စတဲ့ နာမည်ကြီးဇာတ်ကားများစွာမှာ ဆေးစက်ကျရာအရုပ်ထင်အောင် ဇာတ်ကောင်ကာရိုက်တာ ပီပြင်စွာ သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့တွေကို တစ်ခဲနက်ရရှိခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင် အဖြူအမည်းခေတ်ကနေ ဗီဒီယိုခေတ်ဦး အထိ ဇာတ်ကားပေါင်းမြောက်များစွာ ရိုက်ကူးခဲ့ရာမှာ မင်းသားကြီး ဇော်လွင် ၊ ဝင်းဦး ၊ ညွှန့်ဝင်း ကောလိပ်ဂျင်နေဝင်း ၊ ကျော်ဟိန်း တို့ခေတ်ကနေ ရန်အောင် ရဲအောင်၊ ကျော်ရဲအောင်၊ စိုးသူတို့ခေတ်အထိ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာရိုက်ကူးခဲ့ရပြီး ဒေါ်စန်းစန်းအေး နဲ့ အများဆုံးတွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ ကြောင်ကမ္ဘာ နဲ့ လပ်ကီးဆဲဗင်း ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့သမျှဇာတ်ကားတွေမှာ အများဆုံးပါဝင်ရိုက်ကူးခဲ့ရသလို ဗီဒီယိုခေတ်ဦးမှာ ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ မေတ္တာ ၊ ကွမ်းသီး ၊ မော့စ် ၊ မိုးဒီတို့နဲ့ ဇာတ်ကားပေါင်းများစွာမှာ အတွဲညီညီသရုပ်ဆောင်ခဲ့ပါတယ်။
ကွယ်လွန်သွားရှာပြီးဖြစ်တဲ့ ဟာသသရုပ်ဆောင် ဒေါ်ဂွက်ထော် ဟာ အကယ်ဒမီဆု မရခဲ့ပေမယ့်လည်း ဆယ်စုနှစ်များစွာ ချစ်ခင်အားပေးခဲ့ကြတဲ့ မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေ ရဲ့ ပရိသတ်ပေးတဲ့ အကယ်ဒမီဆုကိုရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူးနော်။ ဟိုအရင်မြန်မာဇာတ်ကားခွေတွေထဲမှာ ဇာတ်ကားမလာခင်အမြဲပါလေ့ရှိတဲ့ လမ်းစည်းကမ်း၊ ယာဥ်စည်းကမ်းပညာပေးဇာတ်လမ်းလေးထဲမှာ ကလေးများကတစ်ဖက် အထုပ်ပိုးကတစ်ဖက်နဲ့ ကားတွေကြားလမ်းဖြတ်ကူးရင်း ကို့ရို့ကာယားဖြစ်နေတဲ့ ပုံစံကို ပြန်မြင်ယောင်ကြည့်လိုက်မယ်ဆိုရင် ချစ်စရာ့ အမေကြီး ဝါရင့်အနုပညာရှင် ဟာသသရုပ်ဆောင် ဒေါ်ဂွက်ထော်ကိုပြန်သတိရကြပါလိမ့်မယ်နော်။
လက်ရှိလည်း Facebook ပေါ်မှာ ကြည့်ရှုအားပေးမှုများနေတဲ့ မိုးဒီ ရဲ့ အိမ်မှာ ပဲပြုတ်အကြွေးလာအော်တောင်းရင် မော့စ်နဲ့ တွေ့တဲ့ ဇာတ်ဝင်ခန်းဟာသပြကွက်တစ်ခုကလည်း ကြည့်ရှုအားပေးကြတဲ့ ပရိသတ်တွေရင်ထဲ တမ်းတသတိရစရာဖြစ်ခဲ့သလို ယနေ့ထိ သူရဲ့ ဟာသသရုပ်ဆောင်ပြကွက်တွေကို ပြန်ကြည့်မိတိုင်း တဝါးဝါး တဟားဟား ရယ်ရစမြဲပါ။ ဒါတင်မက ပရိသတ်တွေ ငယ်ငယ်တုန်းကလည်း ကိုယ့် ရဲ့ ညီမဖြစ်သူတွေ သူငယ်ချင်းတွေကိုနာမည်ပြောင် စနှောက်တဲ့ အခါ ဂွက်ထော်မ လို့ အော်ခေါ်ခဲ့ဖူးတာတွေကိုလည်း ပြန်လည်အမှတ်ရ လွမ်းဆွတ်ရင် ရုပ်ရှင်လောကမှာ ဂုဏ်ပြုမှတ်တမ်းတင်အပ်တဲ့ ဝါရင့်အနုပညာရှင် ဟာသသရုပ်ဆောင် ဒေါ်ဂွက်ထော် အကြောင်း တစ်စေ့တစ်စောင်းကို Celodia ပရိသတ်တွေအတွက် ရေးသားတင်ဆက်ပေးလိုက်ရပါတယ်။