ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြက်လုံးတွေနဲ့ပျော်စေခဲ့သူ ဂန္တဝင်လူရွှင်တော်ကြီး ဦးပလာတာ

ဦးပလာတာရဲ့ မျက်နှာဟန်ပန်အမူယာနဲ့တင် ရယ်မောစေခဲ့တာပါ...

ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြက်လုံးတွေနဲ့ပျော်စေခဲ့သူ ဂန္တဝင်လူရွှင်တော်ကြီး ဦးပလာတာ

မြန်မာ့ရုပ်ရှင်လောကသမိုင်းတစ်လျှောက် ဟာသသရုပ်ဆောင်တွေများစွာရှိတဲ့အထဲက အနုပညာလောကမှာ နှစ် ၇၀ နီးပါး ပရိသတ်တွေကို ပြုံးပျော်စေခဲ့သူ ဝါရင့်လူရွှင်တော်ကြီး ဟာသသရုပ်ဆောင် ဦးပလာတာအကြောင်းကို လေ့လာသိရှိရသလောက် Celodia ပရိသတ်တွေအတွက် ဖော်ပြပေးတော့မှာပဲ ဖြစ်ပါတယ်။ 

ဦးပလာတာ ဟာ ရေဒီယိုအငြိမ့်ခေတ်ဦးကာလကတည်းက လူရွှင်တော်အဖြစ် ထင်ရှားကျော်ကြားခဲ့ပြီး ရေဒီယို မှ အသံထွက် ရုပ်ရှင်ဗီဒီယို ဇာတ်ကားများစွာကို ဟာသ သရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးခဲ့တဲ့ ဟာသလူရွှင်တော်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ စံမတူ၊ ပလာတာ၊သော်တာ၊ ရွှေရိုး တို့ အပျော်တမ်းလူရွှင်တော်လေးဦးဟာ ပြက်လုံးတွေနဲ့အတူ ပရိသတ်တွေကိုဖျော်ဖြေရင်း နာမည်စကြီးလာခဲ့ပါတယ်။ အဲဒီနောက် အဖြူအမဲ ရုပ်ရှင်ခေတ်မှာလည်း သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိခဲ့ပါသေးတယ်။ မြန်မာ့ရုပ်ရှင်တိုးတက်လာစ အဖြူအမဲခေတ်မှာ စွယ်စုံရ မင်းသားချော ဝင်းဦး နဲ့ တွဲဖက်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပါဝင်ရိုက်ကူးခဲ့တဲ့လူရွှင်တော် ဦးပလာတာဟာ လူရွှင်တော်ဦးစံမတူ နဲ့လည်း တွဲဖက်ညီညီ ဟာသဇာတ်ရုပ်များစွာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေတင်မက အငြိမ့်သဘင်မှာလည်း နှစ်ယောက်တွဲ အမြဲပါလေ့ရှိတဲ့ စံမတူ ပလာတာ လူရွှင်တော်အတွဲဟာ အဲ့ဒီခေတ်ကာလက ရုပ်ရှင်နဲ့အငြိမ့်သဘင်မှာ ထင်ရှားကျော်ကြားခဲ့သလို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လည်းဖြစ်ကြပါတယ်။ ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာဟာ ငယ်စဥ်ကတည်းက အနုပညာဝါသနာကြီးသူတစ်ယောက်ဖြစ်သလို ဟာသလုပ်ရတာကိုသဘောကျပြီး လူတကာကို ပျော်ပျော်ရွှင်ရွှင် စနောက်တက်သူတစ်ဦး ဖြစ်ပါတယ်။ အနုပညာလောကမှ ရေဒီယိုခေတ်ဦးအစ ရုပ်ရှင် နဲ့ အငြိမ့်သဘင်လောကမှာ နှစ်ပေါင်း ၆၀ကျော် ၇၀ နီးပါးအထိ အနုပညာအလုပ်တွေလုပ်ခဲ့တဲ့ ဦးပလာတာဟာ ချစ်တဲ့ပရိသတ်တွေကို တဝါးဝါး တဟားဟား ရယ်စရာပျက်လုံးများစွာနဲ့ အငြိမ့်သဘင်စင်ပေါ်မှာ ကပြဖျော်ဖြေခဲ့သလို ရုပ်ရှင်ဇာတ်ကားများတွေမှာလည်း ဟာသတွေနဲ့ရယ်မောစေခဲ့ပါတယ်။ 

အရပ်ရှည်ရှည်ပိန်းပိန်းပါးပါး နဲ့ ဦးပလာတာကို မြင်လိုက်တာနဲ့ ဟာသပျက်လုံးမထုတ်ခင် သူရဲ့ မျက်နှာဟန်ပန်အမူယာနဲ့တင် ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တာပါ။ အားကစားအနေနဲ့ မြန်မာ့ရိုးရာခြင်းခေတ်ခြင်းကို အလွန်ဝါသနာကြီးသူဖြစ်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာခတ်ပြနိုင်သူဖြစ်တာကြောင့် အသက်ကြီးတဲ့အချိန်ထိ ကိုယ့်လက်လှုပ်ရှားအားကစားအနေနဲ့ ခြင်းခတ်ခဲ့ပါတယ်။ ဦးပလာတာ ဟာ ဇနီးဖြစ်သူ ဒေါ်ခင်ထွေး (ကွယ်လွန်) နဲ့ သားသမီး ၆ ယောက်ထွန်းကားခဲ့ပြီး မြေး ၁၀ ယောက်၊ မြစ် ၁၀ ယောက်ရှိပါတယ်။  ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ ရန်ကုန်မြို့ရှိ ပန်းဘဲတန်းမြိုနယ်၊ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ အသက် ၉၀ ‌အရွယ်မှာ အိပ်ပျော်နေရင်းအေးချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ မသေခင်မှာကြားခဲ့တဲ့ သူ့ရဲ့ဆန္ဒအတိုင်း ဦး‌ကျော်သူ နာရေးကူညီမှုအသင်းကား နဲ့ ရေဝေးမှာနေ့ချင်း သင်္ဂြိုဟ်ခဲ့ပါတယ်။ 

ပရိသတ်တွေကို ပြက်လုံးတွေနဲ့ရယ်မောစေခဲ့တဲ့ လူရွှင်တော်ကြီး ဦးပလာတာကိုတော့ အားလုံးကလက်ရှိအချိန်ထိတိုင် သတိတရနဲ့အားပေးချစ်ခင်နေကြအုန်းမှာ အမှန်ပါပဲ။ အချိန်တိုင်းစောင့်မျှော်ကြည့်ရှု့ အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ထပ်လဲ ချစ်ရတဲ့ဘယ်အနုပညာရှင်ရဲ့ ဘဝအကြောင်းကို ထပ်မံတင်ဆက်ပေးအုန်းမလဲဆိုတာ စောင့်မျှော်ကြည့်ရှု့ အားပေးကြပါအုန်းနော်။