မသိသူမရှိလောက်အောင် ကျော်ကြားတဲ့ ပါရမီရှင် စွယ်စုံရမင်းသားကြီး ကျော်ဟိန်း ရဲ့ဘဝအကြောင်း

မြန့်မာ့ရုပ်ရှင်လောကမှာ ခေတ်တစ်ခေတ်ထူထောင်နိုင်ခဲ့တဲ့ မင်းသားကြီး ...

မသိသူမရှိလောက်အောင် ကျော်ကြားတဲ့ ပါရမီရှင် စွယ်စုံရမင်းသားကြီး ကျော်ဟိန်း ရဲ့ဘဝအကြောင်း

မင်းသားကြီးဦးကျော်ဟိန်း မြန်မာနိုင်ငံမှာ မသိသူမရှိလောက်အောင် ကျော်ကြားလှတဲ့ စွယ်စုံရမင်းသားတစ်လက်ဖြစ်ပါတယ်။ သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးကျော်ဟိန်းကိုတော့ ၁၉၄၇ခုနှစ်၊ ဇူလိုင် ၁၄ မှာ မွေးဖွားခဲ့ပါတယ်။ မွေးရပ်ဇာတိကတော့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်းအရပ်ပဲဖြစ်ပါတယ်။ မိဘနှစ်ပါးကတော့ အငြိမ်စားခရိုင်ရဲဝန် ဦးဂျွန်မောင်စိန်နဲ့ ဒေါ်ချိုချိုတို့ပဲဖြစ်ပါတယ်။ မွေးချင်းခြောက်ယောက်အနက်မှ ဦးကျော်ဟိန်းဟာ စတုတ္ထမြောက်ဖြစ်ပါတယ်။ အမည်ရင်းမှာ ကျော်ဌေးဖြစ်ပြီး၊ ငယ်နာမည်ကတော့ ကျော်ကြီးဖြစ်ပါတယ်။ လူသားအားလုံးကို လေးစားပါတယ်ဆိုတဲ့ ဦးကျော်ဟိန်းဟာ မြန့်မာ့ရုပ်ရှင်လောကတွင် ခေတ်တခေတ်ကို ထူထောင်နိုင်သူအနည်းအကျဥ်းတွင် တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ သက်တမ်းနှစ် ၁၀၀ ပြည့်ပြီဖြစ်တဲ့ မြန့်မာ့ရုပ်ရှင်လောကမှာ ခေတ်တစ်ခေတ်ထူထောင်နိုင်သူရယ်လို့ သိပ်များများစားစား မရှိခဲ့ပါဘူး။

၁၉၅၂ ခုနှစ်မှာတော့ ရန်ကုန်မြို့ဦ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်းကနေ စတုတ္ထတန်းအထိ ပညာစတင်သင်ကြားခဲ့ပါတယ်။ စတုတ္ထတန်းအောင်မြင်ပြီး ၁၉၅၆ ခုနှစ်ရောက်တဲ့အခါမှာတော့ အလုံမြို့နယ်၊ ဟုမ်းလမ်း၊ ဘူတာရုံအနားရှိ ယူနစ်ကရင်ကျောင်းမှာ ပဥ္စမတန်းကို တက်ရောက်သင်ကြားခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၅၇ ခုနှစ်၊ အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဌမတန်း၊ သတ္တမတန်း(နှစ်ကြိမ်)၊ အဌမတန်း၊ နမဝတန်းအထိ ပညာသင်ကြားခဲ့ပါတယ်။ နမဝတန်းရောက်တဲ့အခါမှာတော့ နှစ်ကြိမ်ကျရှုံးပြီး ကျောင်းထွက်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ဝန်းကျင်မှာတော့ ရန်ကုန်မြို့၊ မြို့နယ်အသီးသီးမှာရှိတဲ့ အလွတ်ပညာသင်ကျောင်းတွေမှာ တစ်ကျောင်းပြီးတစ်ကျောင်း ပြောင်းရွေ့သင်ကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းမနေတော့ဘဲ အိမ်ပေါ်ကနေ ၁၆ကြိမ်အထိ ဆင်းခဲ့ပြီး အိမ်ပြေးဘဝနဲ့ ရန်ကုန်မြို့က လမ်းမတွေပေါ်မှာ လေလွင့်နေခဲ့ပါတယ်။ ၁၉၆၅ခုနှစ်မှာတော့ ကမာရွတ်မြို့နယ်၊ ဒေါ်သာထက်ကျောင်းကနေ နဝမတန်းကို သုံးကြိမ်မြောက်ဖြေဆိုပြီး အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီ့နောက် ဒဿမတန်းကို ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ်ပညာသင်ကျောင်းမှာ ဆကအလက်တက်ရောက်ခဲ့ပေမယ့် သုံးလမျှသာ သင်ကြားပြီး ရေတပ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ကိုယ်ပိုင်နံပါတ်မှာ ၁၂၂၀၅ ဖြစ်ပြီး တစ်နှစ်ခန့်အကြာမှာတော့ ရေတပ်ကနေ ပြန်ထွက်လာခဲ့ပါတယ်။ ဒဿမတန်းကို ပြန်ဖြေခဲ့ပြီး (ခ)အဆင့်နဲ့အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရုပ်ရှင်လောကထဲကို အခြေချဖို့ အစပြုခဲ့ပါတော့တယ်။

၁၉၇၀ ပြည့်နှစ်ကနေ စတင်ပြီးတော့ ရုပ်ရှင်မင်းသမီးစန္ဒာနဲ့အတူ ဖူးစာလမ်းစုံဆိုတဲ့ ဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဦးကျော်ဟိန်းရဲ့ အနုပညာခရီးဟာ သာယာလှတဲ့ ပန်းခင်းလမ်းတော့ မဟုတ်ပါဘူး။ ပထမဆုံးရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့အချိန်မှာ ဒါရိုက်တာက မှားလို့ ပြန်ရိုက်ရမယ်ဆိုရင် ကိုယ့်စရိတ်ကိုယ် ရန်ကုန်ပြန်ရမယ်လို့ တွန်းအားပေးခံခဲ့ရပြီး ဦးကျော်ဟိန်းကလည်း ဒီစိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ ပါရမီ၊ လုံ့လဝီရိယ၊ ကြိုးစားအားထုတ်အားထုတ်မှုတို့ကို အရင်းခံရာကနေ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ အကာကအချစ်၊ အနှစ်ကမေတ္တာ(၁၉၇၉)၊ မွန်းတည့်ချိန်တွင်နေဝင်သည်(၁၉၈၂) ပန်းမြိုင်လယ်က ဥယျာဥ်မှူး(၁၉၈၉)၊ နေကမွေးတဲ့လ(၂၀၀၃) တို့နဲ့ အမျိုးသားဇာတ်ဆောင်ဆုကို လေးကြိမ်တိုင်တိုင်ဆွတ်ခူးခဲ့ပြီး ဝေလည်းမွှေး၊ ကြွေလည်းမွှေး (၁၉၉၄) ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု တစ်ဆုကို ရရှိခဲ့ရာ စုစုပေါင်း အကယ်ဒမီ ၅ ဆုအထိ ရရှိခဲ့ပါတယ်။ ရုပ်ရှင်လောကထဲဝင်ရောက်ပြီး ပထမဆုံးအကြိမ် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ စိန်သို့မဟုတ်စိမ် ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ကြော်ငြာဒီဇိုင်း၊ ပိုစတာတွေအကုန်လုံးကိုလည်း သူကိုယ်တိုင်နေမင်းထိပ်ခေါင်ဆိုတဲ့ အမည်နဲ့ ရေးဆွဲခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ အထူးပွဲပြအပြီးမှာ ရုပ်ရှင်ရှေ့မှာရှိတဲ့ ပရိသတ်တွေရှေ့မှာ “အားလုံးကို လေးစားပါတယ်လို့” လက်မြှောက်နှုတ်ဆက်ခဲ့ရာကနေ ကျော်ဟိန်း လက်နှစ်ဖက်မြှောက်ပြတဲ့ ပုံစံဟာ လူသားအားလုံးကိုလေးစားပါတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်လာခဲ့ပါတော့တယ်။ သရုပ်ဆောင်အလုပ်အပြင် ဝတ္ထုတို၊ ဝတ္ထုရှည်အချို့ကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။ တေးစီးရီးအချို့ကိုလည်း ဖြန့်ချီခဲ့ပြီး အတော်လေးကို လူကြိုက်များခဲ့ပါတယ်။ ဦးကျော်ဟိန်းမှာ အဲ့ဒီ့အချိန်က ရုပ်သံကြော်ငြာတွေမှာ သရုပ်ဆောင်ကြေး အများဆုံးရရှိခဲ့သူလည်းဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဦးကျော်ဟိန်းရဲ့ အောင်မြင်ခြင်းလျှို့ဝှက်ချက်ဟာ သဘာဝနဲ့အနီးစပ်စပ်ဆုံးတူညီအောင်ဖန်တီးနိုင်တဲ့ သူ့ရဲ့သရုပ်ဆောင်နိုင်စွမ်းလို့မြင်မိပါတယ်။ ၁၉၆၇ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ နှစ်ပေါင်း ၄၁နှစ်အတွင်း ရုပ်ရှင်ကားပေါင်း ၂၂၂ကား၊ ဗီဒီယိုကားပေါင်း ၃၆၂ကား၊ တေးစီးရီးပေါင်း ၁၄ခွေနဲ့ စာအုပ် ၆အုပ်တို့ကို ရိုက်ကူးရေးသားဖြန့်ချီခဲ့ပါတယ်။

ဦးကျော်ဟိန်းသည် ၂၀၀၈ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် သာသနာ့ဘောင်သို့ ဝင်ရောက်မည်ဟု ကြိုတင်ကြေညာခဲ့သလို ဒီစကားအတိုင်း လောကီလူ့ဘောင်ကို စွန့်ကာ သာသနာ့ဘောင်အတွင်းသို့ အမှန်တကယ်ဝင်ရောက်ခဲ့ပါတယ်။ ဦးကျော်ဟိန်းရဲ့ ရဟန်းဘွဲ့ကတော့ ဦးကတ္ထိသာရပဲဖြစ်ပါတယ်။ အသိ သတိဘုရားကြီးကို မန္တလေးကနေ ရန်ကုန်ကို ပင့်ဆောင်ခဲ့ပြီး ယခုလက်ရှိ ဗိုလ်တစ်ထောင်ဘုရား ပရဝဏ်အတွင်းမှာ စံမြန်းသပ္ပာယ်လျှက်ရှိပါတယ်။ ဘုရားကြီးအကြောင်းအသေးစိတ်နဲ့ ဒေသစာရီကြွချီခဲ့ပုံတွေကိုတော့ ၂၀၁၃ ခုနှစ်မှာ ဦးကျော်ဟိန်းလွှင့်တင်ခဲ့တဲ့ www.athithedi.com မှာ ပြည့်ပြည့်စုံစုံ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ရဟန်းဘဝနဲ့ပဲ ဦးကျော်ဟိန်းတစ်ဖြစ်လဲ ဦးကိတ္ထိသာရဟာ ၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၁၁ရက် မြန်မာစံတော်ချိန် မနက်၉ နာရီ ၄၇ မိနစ်တွင် သြစတေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ရဟန်းဘဝနဲ့ ခန္ဓာဝန်ချခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် တူဖြစ်သူ မင်းသား ဒွေးသေဆုံးတာလည်း ၂၀၀၇ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှာသေဆုံးခဲ့တာဖြစ်တဲ့အတွက် သူတို့နှစ်ဦး သေဆုံးတဲ့ နေ့ရက်နဲ့လဟာ အတူတူပဲဖြစ်ပါတယ်။ သက်တော် ၇၃နှစ်၊ ဝါတော် ၁၃နှစ်မှာ ၂၀၁၇ ခုနှစ်လောက်ကတည်းက စတင်ခံစားခဲ့ရတဲ့ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာတွေကြောင့် ပျံလွန်တော်မူခဲ့တာပဲဖြစ်ပါတယ်။