တစ်ခေတ်မှာ တစ်ယောက်ထွန်းခဲ့တဲ့ နှစ်ထပ်ကွမ်း အကယ်ဒမီ ဝဏ္ဏကျော်ထင်ဘွဲ့ရ ဟာသမင်းသား ဖိုးပါကြီး

ကမ္ဘာကျော်တန်ဖိုးကြီး မာစီဒီးကားကို မြန်မာနိုင်ငံမှာပထမဆုံး စစီးနိုင်ခဲ့တဲ့ ဖိုးပါကြီး

တစ်ခေတ်မှာ တစ်ယောက်ထွန်းခဲ့တဲ့ နှစ်ထပ်ကွမ်း အကယ်ဒမီ ဝဏ္ဏကျော်ထင်ဘွဲ့ရ ဟာသမင်းသား ဖိုးပါကြီး

တခေတ်တစ်ခါက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ရ အကယ်ဒမီ နှစ်ထပ်ကွမ်း ဂန္တဝင် ဟာသလူရွှင်တော် ဖိုးပါကြီး ကိုတော့ ခေတ်ဟောင်းရုပ်ရှင်ကိုချစ်မြတ်နိုးတဲ့ ပရိသတ်တွေအားလုံး သိကြမှာပါနော်။ မျက်နှာမြင်ရုံနဲ့ပင် ပရိသတ်တွေကို အလိုလိုရယ်မောပျော်ရွှင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ဟာသလူရွှင်တော်ကြီးတစ်ဦးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးစ မြန်မာ့ရုပ်ရှင်နှင့်ပြဇာတ်လောကမှာ ဟာသလူရွှင်တော် မင်းသား ဖိုးပါကြီး ဟာ အလွန်ထင်ပေါ်ကျော်ကြားခဲ့ပြီး ကမ္ဘာကျော်တန်ဖိုးကြီး မာစီဒီးကားကို မြန်မာနိုင်ငံမှာပထမဆုံး ဝယ်စီးနိုင်ခဲ့တဲ့ အနုပညာရှင်လို့သတ်မှတ်ခဲ့ကြပါတယ်။ 

ပရိသတ်တွေကို ပြုံးပျော်အောင် လုပ်နိုင်ခဲ့တဲ့ ဝဏ္ဏ‌ကျော်ထင်ဘွဲ့ရ ဟာသသရုပ်ဆောင် ဖိုးပါကြီး ကို မြောင်းမြမြို့ ကြေးတိုင်အင်သပက်တော် ဦးစံဖေ၊ ဒေါ်လှတို့မှ မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ်၊ ခရစ်နှစ် ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ အင်္ဂါနေ့မှာ မွေးဖွားခဲ့ကာ မွေးချင်းသုံးယောက်အနက် ဒုတိယမြောက်သားဖြစ်ပါတယ်။ နာမည်အရင်းမှာ ‌မောင်ညွှန့်လှိုင် ဖြစ်ပြီး ငယ်စဥ်က ချစ်စနိုး နဲ့ အပါ လို့ခေါ်ကြပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဇာတိဖွားဖြစ်ပြီး ဟင်္သာတမြို့မှာ အရွယ်ရောက်ကြီးပြင်းခဲ့ပါတယ်။ အသက် ၆ နှစ်အရွယ်မှာ မိဘနှစ်ပါး အိမ်ထောင်ရေးအဆင်မပြေမှု့ကြောင့် အဒေါ်ဖြစ်သူနဲ့အတူ ဆင်းဆင်းရဲရဲနေထိုင်ခဲ့ရပြီး လူမမည်ဘဝအရွယ်မှာ အရွယ်နှင့်မမျှအောင် ဒုက္ခမျိုးစုံကြုံတွေ့ခဲ့ရတဲ့အပြင် အဒေါ်ရဲ့ ညှင်းပန်းနှိက်စက်မှု့ကြောင့် အိမ်ကနေထွက်ပြေးခဲ့ရပြီး ပုသိမ်မြို့ ‘နိဂြောဓါ’ ကျောင်းတိုက် တလိုင်းကျောင်းဆရာတော် ဦးသုမန ရဲ့ ထိန်းသိမ်းစောက်ရှောက်မှု့အောက်မှာ အရွယ်ရောက်ခဲ့ပါတယ်။ 

ပညာရေးမှာ ဉာဏ်ရည်ထက်မြက်ပေမယ့် ဘဝပေးအခြေအနေ မကောင်းတဲ့အတွက် အဋ္ဌမတန်းအထိသာ ပညာသင်ကြားနိုင်ခဲ့ပါတယ်။ ဖိုးပါကြီး ရဲ့ မိဘတွေဟာ နောက်အိမ်ထောင်အသီးသီးထူထောင်ခဲ့ကြပြီး ဖိုးပါကြီး ကတော့ ရန်ကုန်မြို့မှာ ဖခင်နဲ့အတူ နေထိုင်ခွင့်ရခဲ့ပါတယ်။ ဖိုးပါကြီး ဟာ မိခင်ဖြစ်သူကို ခိုးတွေ့ခဲ့တာကြောင့် အတူနေဖခင်ရဲ့ဒေါသတကြီး ပါးရိုက်ဆုံးမခြင်းကို ခံလိုက်ရတဲ့အထိ ရင်နာစရာဖြစ်ခဲ့ရပါတယ်။ ပရိသတ်တွေရဲ့ ဘဝအမောတွေကို ဟာသပျော်ရွှင်စရာတွေနဲ့ ပြုံးပျော်စေခဲ့တဲ့ ဖိုးပါကြီး ရဲ့ ငယ်ဘဝ ဟာ ကလေးတစ်ယောက်ရဲ့အရွယ်နဲ့မလိုက်အောင် ကြေကွဲစရာကောင်းလွန်းခဲ့တာပါနော်။ 

ရန်ကုန်မြို့မှာ ဖခင်နဲ့အတူနေထိုင်စဥ် စီးပွားရေမပြေလည်တာကြောင့် ဘားမားအတ် (Burma Act)ကျောင်းမှာ အလုပ်သင်အဖြစ် လုပ်ကိုင်ရင်း ပန်းချီဒီဇိုင်းပညာရပ်များကို လေ့လာဆည်းပူးခဲ့ပါတယ်။ ၁၉၂၉ ခုနှစ်မှာ ပန်းချီရေးဖို့ ကြိုးစားနေချိန် " မိန်းမတံခွန် " ဇာတ်ကားမှာ ဇာတ်ဝင်ခန်းတစ်ခန်းမှာ မထင်မရှားပါဝင်ခွင့်ရခဲ့ရာကနေ ရုပ်ရှင်သရုပ်ဆောင်ပိုးဝင်ခဲ့ပါတော့တယ်။ အဲ့ဒီနောက် "ရန်ကုန်ရုပ်ရှင်ကုမ္ပဏီ" မှာ ကင်မရာထမ်းတဲ့ အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး မင်းသား ဘဝင့် နဲ့ စူပါစတား ဟာသသရုပ်ဆောင် ဆားဘထွန်း တို့ထံမှာ တပည့်ခံကာ ခိုင်းသမျှအလုပ်တွေကို မညီးမညူနဲ့လုပ်ကိုင်ပေးခဲ့တဲ့အပြင် လက်တွန်းလှည်းနဲ့ ရုပ်ရှင်ပိုစတာကြော်ငြာရတဲ့ ကြော်ငြာလှည်းတွန်းသမား ၊ ရုပ်ရှင်ပိုစတာများကပ်ရခြင်း၊ပိုစတာဆိုင်းဘုတ် ဆေးကြမ်းသုတ်သူ၊ ဆက်တင်လက်သမား၊ ရန်ကုန်ရုပ်ရှင်ကုမ္ပဏီ မှ ဇာတ်ကားရုံတင်ရင် ရုံပေါက်စောင့်ပေးရတဲ့ အောက်ခြေသိမ်း အလုပ်ကြမ်းသမားဘဝကနေ စတင်ခဲ့ပါတယ်။ 

ငယ်စဉ်ကတည်းက အဆိုအက၊ ပြဇာတ်၊ ရုပ်ရှင်နှင့် ပန်းချီအနုပညာ ဝါသနာပြင်းပြခဲ့သူ ဖိုးပါကြီး ဟာ ငွေရရှိရေး နှင့် ပင်ပန်းမှု့တွေကို အဓိကမထားဘဲ ရုပ်ရှင်ကင်မရာများ၊ ဆက်တင်မီးဆလိုက်ကြီးများကြားမှာ လုပ်ကိုင်ခွင့်ရတာကိုပင် ကျေနပ်နေခဲ့သူဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာကြီးများ၊ ဓာတ်ပုံဆရာများရဲ့ ရိုက်ကူးသင်ပြနေမှု့တွေကို ဘေးမှကြည့်ကာ လေ့လာမှတ်သားသင်ယူခဲ့တဲ့အပြင် ရုပ်ရှင်သရုပ်ဆောင်များ ရဲ့ ဟန်အမူအရာ၊ ဇာတ်ဝင်ခန်း ထဲက ပြောဆိုပုံတွေကို မှန်ရှေ့မှာ တထပ်တည်းကျအောင် သရုပ်ဆောင်ကျင့်ခဲ့ပါတယ်။ တစ်နေ့မှာ အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ရမည်ဆိုတဲ့ ရည်မှန်းချက်ထားရှိသူ ဖိုးပါကြီး ဟာ ဇာတ်ပို့ဇာတ်ရံအဖြစ် ရုပ်ရှင်ကင်မရာရှေ့မှာ လှုပ်ရှားသရုပ်ဆောင်ခွင့်ရခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်ကြောင့် ရုပ်ရှင်လုပ်ငန်းကြီးရပ်ဆိုင်းသွားခဲ့တာကြောင့် ဟင်္သာတမြို့ကို စစ်ဘေးရှောင်ရင်း ပြန်ခဲ့ရပါတယ်။ စစ်ကြီးအတွင်း အလုပ်အကိုင်ရှားပါးမှု့ကြောင့် "အလုပ်ဟူသမျှဂုဏ်ရှိစွဟု" ခံယူကာ "သမ္ဗန်သမားဘဝ" နဲ့စားဝတ်နေရေးအတွက် ဖြေရှင်းခဲ့ရပါတယ်။ 

ဂျပန်ခေတ်မှာ ဖလင်ကုန်ကြမ်းတွေမရနိုင်တာကြောင့် ရုပ်ရှင်ရိုက်ကူးရေးတွေ ရပ်နားလိုက်ရတဲ့အခါမှာ ရုပ်ရှင်မင်းသားမင်းသမီးတွေဟာ  ဇာတ်စင်ပေါ်တတ်ကာ တတ်ကျွမ်းအနုပညာအရည်အသွေးတွေကို အဆို၊အပြော အမူအရာပေါင်းစုံနဲ့သရုပ်ဆောင်ပြပြီး  "လူဘိုင်စကုတ်"ဆန်ဆန်ပြဇာတ်တွေ အောင်မြင်လာခဲ့ပါတယ်။ ထို့နောက် ရုပ်ရှင်ရုံတွေကနေ ပြဇာတ်ရုံတွေဖြစ်လာခဲ့ပြီး ရန်ကုန်အနောက်ပိုင်း ရွှေတောင်တန်းထိပ်ရှိ " ကသေး ” ဆိုတဲ့ တရုတ်ရုပ်ရှင်ရုံဟာလည်း  "ကာ‌ဌေး" ဆိုတဲ့ ပြဇာတ်ရုံဖြစ်လာခဲ့ပါတယ်။ ပြဇာတ်တွေ လူကြိုက်များလာပြီး ဝင်ငွေကောင်းလာတဲ့အခါ ပန်းဆိုးတန်းမှာ ဝင်းဝင်းရုံ၊ ရေကျော်ဘက်မှာ ဇော်ရုံ အစရှိတဲ့ပြဇာတ်ရုံတွေ အပြိုင်အဆိုင်ပေါ်လာခဲ့ပါတယ်။ 

ဖိုးပါကြီး ရဲ့ လက်ဦးဆရာမှာ စစ်ကြိုခေတ် ဗြိတိသျှဘားမားကုမ္ပဏီမှာ အဆိုအကများကိုဦးစားပေးပြီး ဇာတ်နုဇာတ်ယဉ်များကိုသာ ရိုက်ကူးခဲ့တဲ့ နာမည်ကျော်ဒါရိုက်တာ ဆရာခန့် ဖြစ်ပါတယ်။ ဖိုးပါကြီး ဆိုတဲ့ နာမည်ကိုလည်း ဆရာခန့် ကပေးခဲ့တာဖြစ်ပါတယ်။ ငယ်နာမည် "အပါ" ရဲ့နောက်မှာ"ကြီး"ထပ်ဖြည့်ပြီး ရုပ်ရှင်လောကမှာ "အပါကြီး"ဆိုတဲ့ သရုပ်ဆောင်ရှိတာကြောင့် ရှေ့က "ဖိုး" တစ်လုံးထပ်ဖြည့်ကာ "ဖိုးပါကြီး" ဆိုတဲ့နာမည်တွင်စေခဲ့ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ ဆရာခန့် ဦးဆောင်တဲ့  ကျော်အေး၊ ခင်ခင်ရီတို့ ပါဝင်တဲ့အဖွဲ့ဟာ ပြဇာတ်တွေလှည့်လည်ကပြရင်း ဟင်္သာတမြို့ကိုရောက်ရှိလာရင်း မောင်ညွှန့်လှိုင် ဆိုတဲ့ လူငယ်ကိုသဘောကျသွားခဲ့ပြီး ပြဇာတ်လူရွှင်တော်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ရန်ကုန်သို့ ရောက်သောအခါ "အာရှလူငယ်အစည်းအရုံးရန်ပုံငွေ"အတွက် ကြည့်မြင်တိုင် ထီးတန်းထိပ် တရုတ်ကျောင်းပြဇာတ်ရုံမှာ ဒါရိုက်တာ ချစ်တင်ကြီး တင်ဆက်တဲ့ "ရီရီ့ ကုသိုလ်" ပြဇာတ်ကို မင်းသားကျော်အေး၊ မင်းသမီး ခင်ခင်ရီ၊ လူရွှင်တော် စံပ တို့နှင့် တွဲဖက်ကပြပြီး ပြဇာတ်စင်မြင့်ပေါ်ကို ပထမဆုံး တက်ခွင့်ရခဲ့ပါတယ်။ 

ထို့နောက် ဆရာခန့် ဟာ ကန်တော်ကြီးစောင်းမှာတည်ရှိတဲ့ "မြိုင်ရုံ" မှာ သူ့ရဲ့တပည့်ဖိုးပါကြီးကို ပြဇာတ်မင်းသမီး "မေချစ်" နှင့် တွဲဖက်စေပြီး “ကမ္ဘာ့ဇာတ်ခုံ” ပြဇာတ်နဲ့ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပွဲထုတ်ခဲ့ပါတယ်။ ပြဇာတ်ကရန်  ပထမဆုံးဇာတ်ခုံပေါ်တတ်တဲ့အခါ ပရိသတ်ကိုရင်မဆိုင်ရဲတဲ့ ဖိုးပါကြီး ဟာ ကြောက်ဒူးတုန်ပြီး စကားပြောတဲ့အခါမှာလည်း ကြောက်စိတ်ကြောင့်ထစ်ထစ်ငေါ့ငေါ့ ဖြစ်ခဲ့ရပေမယ့် ပွဲကြည့်ပရိသတ်တွေက သူ့ရဲ့အဖြစ်ကိုကြည့်ပြီး တဝါးဝါးတဟားဟားနဲ့ သူကကြောက်လေ ပရိသတ်တွေကပွဲကျလေ ဖြစ်ခဲ့ရာကနေ ပြဇာတ်လူရွှင်တော်တစ်ဦးဖြစ်လာခဲ့ပါတော့တယ်။ မျက်နှာမြင်ရုံနဲ့ပင် ပရိသတ်ကို အလိုလိုရယ်မောပျော်ရွှင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပြဇာတ်လူရွှင်တော် ဖိုးပါကြီး ဟာ နောက်ပိုင်းမှာ ဟာသညဏ်ပညာပိုမိုထက်မြတ်လာခဲ့ကာ ပရိသတ်တွေကို မဖျော်ဖြေရမနေနိုင်လောက်အောင် ဖြစ်လာခဲ့ပါတယ်။  

ဖိုးပါကြီး ဟာ အခကြေးငွေနဲ့ ပြဇာတ်စင်ပေါ်ကို ပထမဆုံး တက်ရောက်ကပြခွင့်ရခဲ့တဲ့ ပြဇာတ်ကတော့ "လွင်လွင်"ပြဇာတ်ရုံမှာ တင်ဆက်ခဲ့တဲ့ မင်းသားကျော်ဝင်း၊ မင်းသမီး ခင်ခင်တင့်၊ လူကြမ်း ဦးမောင်ကလေး၊ မင်းသားကြီး ဦးဘအုန်း၊ မင်းသမီးကြီး ဒေါ်ဖွားနှစ်တို့နဲ့တွဲဖက်ပြီး ဖိုးပါကြီး ဟာ လူရွှင်တော်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒါရိုက်တာခန့်ရဲ့"ဤစစ်ကြီးမှာ" ပြဇာတ်ဖြစ်ပါတယ်။ 

ဖိုးပါကြီး  ကပြဖျော်ဖြေခဲ့တဲ့ " ကမ္ဘာ့ဇာတ်ခုံ" ၊ "သြော်မိန်းမ"၊ "သြော်ယောက်ျား"၊ "ကမ္ဘာ့ရန်သူ"၊ "ရတနာသိုက်" အစရှိတဲ့ ပြဇာတ်တွေကို ပရိသတ်တွေကြိုက်နှစ်သက်ခဲ့ကြပြီး "ဖိုးပါကြီး"ဆိုတဲ့ နာမည်တစ်လုံးတွင်စေခဲ့ပါတယ်။ ဖိုးပါကြီး ပါဝင်ကပြတဲ့ပြဇာတ်တိုင်းကို ပရိသတ်တွေက သဘောကျအားပေးကြတဲ့အပြင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကလည်း “ငါတော့ အမေရိကန်လူရွှင်တော် လော်ရယ်၊ ဟာဒီတို့ထက် သူက သာတယ်လို့ ထင်တာပဲကွာ” လို့ ပြဇာတ်ခုံပေါ်မှာကပြနေတဲ့ ဖိုးပါကြီး ကို ကြည့်ပြီး ချီးကျူးစကားဆိုခဲ့တာကြောင့် ဖိုးပါကြီး ဟာ မြန်မာ့ရုပ်ရှင်လောကမှာ နိုင်ငံခြားရုပ်ရှင် လူရွှင်တော်များစံချိန်ကို မှီအောင်လိုက်နိုင်တဲ့ ဟာသပညာရှင်လို့ မှတ်ယူလို့ရနိုင်ပါတယ်။  ဂျပန်ခေတ် (၁၉၄၃-၁၉၄၅ )ခုနှစ် ပြဇာတ်လောကကနေ ၁၉၄၈ ခုနှစ် စစ်ပြီးခေတ်လောက်မှာ ရုပ်ရှင်လောကကို "ရန်ကုန်ရုပ်ရှင်ကုမ္ပဏီ"ရဲ့ မြေတောင်မြှောက်ပေးမှု့နဲ့ ကူးပြောင်းခဲ့ပြီး မြန်မာ့ရုပ်ရှင်လောကမှာ ရှားပါးလွန်းတဲ့ လူရွှင်တော်မင်းသား ( comedy actor ) တစ်ဦးစတင်မွေးဖွားလာခဲ့ပါတော့တယ်။ 

စစ်ကြီးအပြီး ပြဇာတ်များမှေးမှိန်လာခဲ့တဲ့နောက် အသံတိတ်ရှပ်ရှင်တွေ ခေတ်စားလာချိန်မှာ ယခင်ကင်မရာထမ်းသမားအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ရန်ကုန်ရုပ်ရှင်ကုမ္ပဏီ မှ ဖိုးပါကြီး အား မင်းသမီး မေချစ်၊ ကြူကြူ တို့နဲ့တွဲဖက်စေကာ "လူပျိုသိုး" အသံတိတ်ဟာသဇာတ်မြူးဇာတ်ကားမှာ လူရွှင်တော်မင်းသားအဖြစ် တင်ရိုက်ခဲ့ပြီး  ရုပ်ရှပ်ရုံ မှာပြသခဲ့ရာ ဝင်ငွေ ၂၅၀၀၀ ကျပ်အထိရရှိခဲ့ပါတယ်။ ရုပ်ရှင်လောကထဲကို ပထမဦးဆုံးခြေချခဲ့တဲ့ ဖိုးပါကြီး ရဲ့ ဟားကွက်သရုပ်ဆောင်ချက်နဲ့" လူပျိုသိုး" အသံတိတ်ဇာတ်ကား ဟာ မျှော်မှန်းထားတာထက် လူကြိုက်များအောင်မြင်ခဲ့ပါတယ်။ အခြားမင်းသားတွေထက် ပိုမိုထူးခြားတဲ့ လူရွှင်တော်မင်းသား ဖိုးပါကြီး ကို  ‌ဇာတ်ကားတွေဆက်လက်ရိုက်ကူးဖို့ "ရန်ကုန်ရုပ်ရှင်ကုမ္မဏီ" က ရုပ်ရှင်ဇာတ်ကား ၁၀ ကားစာအတွက် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ပြဇာတ်တွေပြန်လည်ခေတ်စားလာချိန်မှာ ပြဇာတ်ဗီဇပိုးရှိသူ ဖိုးပါကြီး ဟာ ပြဇာတ်ကလိုစိတ်ရှိပေမယ့် "ရန်ကုန်ရုပ်ရှင်" နဲ့ ရုပ်ရှင်ရိုက်ဖို့စာချုပ်ချုပ်ဆိုထားတာကြောင့် အခက်ကြုံနေချိန်မှာ သူ့ရဲ့ပြင်းပြနေတဲ့ ဆန္ဒကိုခွင့်ပြုပေးခဲ့တဲ့ ရန်ကုန်ရုပ်ရှင် ဟာ သူ့ရဲ့အနုပညာမှန်သမျှကို မြေတောင်မြှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်ဆိုလည်းမမှားပါဘူး။ ဒါကြောင့် ရုပ်ရှင်ရိုက်ကူးရင်း တဖက်မှ လက်ဦးဆရာ ဒါရိုက်တာ ဆရာခန့်၊ အလင်္ကာကျော်စွာ ဒဂုန်ဆရာတင်၊ ဘိုကလေး တင့်အောင်၊ ဦးသုခ၊ သန်းနွဲ့၊ ကျွန်တော်ချစ်မောင် အစရှိတဲ့ ပြဇာတ်ဒါရိုက်တာ အကျော်အမော်တွေရဲ့ စီစဥ်ညွှန်ကြားမှု့တွေနဲ့ ပန်းဆိုးတန်းရှိ ဝင်းဝင်းပြဇာတ်ရုံ၊ ကာဌေးပြဇာတ်ရုံ တွေမှာ ဖိုးပါကြီး ပါဝင်ကပြခဲ့တဲ့ ပြဇာတ်များပလူပျံခဲ့ပါတယ်။ ဖိုးပါကြီးပါဝင်ခဲ့ပြခဲ့တဲ့ ပြဇာတ်များအနက် လာလာလေ လိုက်ခဲ့တော့၊ နေရီရီ၊ ငယ်ကျွမ်းဆွေ၊ ဝါကျွတ်လက်ဆောင်၊ သြော်မိန်းမ၊ အပြုံးလက်ဆောင်၊ ကိုယ်ကြိုက်တာကိုယ်လုပ် အစရှိတဲ့ပြဇာတ်များဟာ အထူးလူကြိုက်များခဲ့ပါတယ်။ 

၁၉၄၈ ခုနှစ်မှာ ဖိုးပါကြီး ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ " လူ့လောက" အသံတိတ်ဇာတ်ကားကို သွင်ရုပ်ရှင်ရုံမှာပြသခဲ့ပြီး မြန်မာ့ရုပ်ရှင်လောကရဲ့ပထမဆုံးခြေလှမ်းအဖြစ် ပရိသတ်တွေ အမြင်သစ်နဲ့ကြည့်ရှု့နိုင်ဖို့အတွက် ၁၆ မမ ဆေးရောင်စုံဖြင့် စမ်းသပ်ရိုက်ကူးခဲ့တဲ့ ဖိုးပါကြီးရဲ့ တတိယမြောက်ဇာတ်ကား"ချစ်သွေးညီ" အမည်ရှိ အသံတိတ်ရုပ်ရှင်ကို ရုံတင်ပြသခဲ့ရာ စူပါဝင်ငွေ ၃၅၀၀၀ အထိရရှိခဲ့ပါတယ်။ ထို့နောက် ဖိုးပါကြီး၊ ဖိုးပါလေး၊ ကြူကြူ တို့ပါဝင်တဲ့ "ရွှေမျက်မှန်"အသံတိတ်ဇာတ်ကား၊ ဆေးရောင်စုံ ၁၆ မမ နဲ့ရိုက်ကူးထားတဲ့ " ရှက်လွန်းလို့" နှင့် "ပျို့ချစ်လင်"အသံတိတ်ဇာတ်ကား‌တွေအပြင် ဩော် ဖူးစာ၊ ခင်နဲ့မောင်၊ လူလိုလူ၊ ဂလဲ့စား၊ တယူသန် အစရှိတဲ့ အသံတိတ်ဇာတ်ကားတွေမှာ ဆက်တိုက်သရုပ်ဆောင်ရင်း လူရွှင်တော် မင်းသား၊ လူရွှင်တော် ဇာတ်ပို့အဖြစ် နာမည်ရလာခဲ့ပါတယ်။ 

၁၉၅၃ ခုနှစ်မှာ "ဖိုးပါကြီးရုပ်ရှင်ထုတ်လုပ်ရေး" ကို တည်ထောင်ကာ ကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ဖိုးပါလေး၊ မြင့်မြင့်ခင်၊ တင်နုမေ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ "ငါဟဲ့ယောက်ကျ်ား" အသံတိတ်ဇာတ်ကားကို ပွဲဦးထွက်ရိုက်ကူးတင်ဆက်ခဲ့ပြီး ပျော်သလိုသာနေ၊ ပြုံး ပြုံးကလေး၊ ဂေါ်သာဂေါ် စတဲ့ အသံတိတ် ဇာတ်ကား များကို ကိုယ်ပိုင်ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။ ထိုခေတ်ကာလက ဖိုးပါကြီး နှင့် ဖိုးပါလေးဟာ ဇာတ်ကားတော်တော်များများမှာ အတွဲများခဲ့တဲ့အပြင် နာမည်ကလည်း ခပ်ဆင်ဆင်တူနေတာကြောင့် ညီအစ်ကိုတွေလို ပရိသတ်တွေကထင်မှတ်ခဲ့ကြပေမယ့် သွေးသားမတော်စပ်တဲ့ အနုပညာညီအစ်ကိုတွေပဲ ဖြစ်ပါတယ်။ 

အသံတိတ်ဇာတ်ကားတွေ ခေတ်စားလာချိန် ဖိုးပါကြီး ရဲ့ ပွဲဦးထွက် အသံထွက်ဇာတ်ကား ကတော့ မင်းသားကြီး ဇေယျ၊ တင်ညွန့်၊ မေချစ်၊ ခင်မေသန့် တို့နဲ့အတူတွဲဖက်ရိုက်ကူးထားတဲ့ "အသွင်မတူ" ဇာတ်ကားဖြစ်ကာ ဒုတိယမြောက်ဇာတ်ကားကတော့ ဒါရိုက်တာ၊စာရေးဆရာ ဦးသုခ ရဲ့ ဖန်တီးမှု့လက်ရာ "သြော် မိန်းမ" ဇာတ်ကားထဲမှာ မင်းသားကြီး ဇေယျ၊ မြင့်မြင့်ခင်၊ ဦးကျော်သောင်း၊ ချစ်တင်၊ ဒေါ်ဖွားနှစ်၊ တင်နုမေ၊ မနု၊ ဦးဘိုးထွား  တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ရာ ထိုခေတ်က ဝင်ငွေအကောင်းဆုံးရရှိခဲ့တဲ့ အအောင်မြင်ဆုံး အသံထွက်ဇာတ်ကားဖြစ်ခဲ့ပါတယ်။ 

"ဩော် မိန်းမ" ဇာတ်ကားထဲမှာ ဖိုးပါကြီး ဟာ မင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ချက်တွေကို အကောင်းဆုံးဇာတ်ပို့ခဲ့တဲ့အပြင် ကြည့်သူတိုင်းမရယ်ဘဲ မနေနိုင်အောင်ပြောင်မြောက်လွန်းတဲ့ ဟန်ပန်အမူအရာတွေကြောင့် ကြည့်ရှု့သူပရိသတ်တွေက ရှာမှရှားတဲ့ "ဟာသထိပ်သီး ဖိုးပါကြီး” ရယ်လို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။ အဲ့ဒီခေတ်ကာလက မြန်မာ့ရုပ်ရှင်လောကမှာ ဖိုးပါကြီးလို လူရွှင်တော်ဇာတ်လိုက် မရှိသလောက်ရှားပါးပါတယ်။ ဖိုးပါကြီး ကို ဟာသလူရွှင်တော်စရိုက်နဲ့လိုက်ဖက်တယ်လို့ သတ်မှတ်ခဲ့ကြပေမယ့် တကယ်တမ်းက စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်ကြောင်းကို သူအကယ်ဒမီရရှိတဲ့တဲ့ "ဖိုးပြုံးချို" ဇာတ်ကားက သက်သေခံခဲ့ပါတယ်။ 

ဒါရိုက်တာ ဦးမြမောင် ရိုက်ကူးပုံဖော်ထားတဲ့ "ဖိုးပြုံးချို" ဇာတ်ကားမှာ မင်းသားကြီး ဇေယျ၊ ဖိုးပါကြီး၊ တင်တင်မူ၊ ဝင်းမာ၊ ဦးဘချစ်၊ ဒေါ်ဂျမ်းစိန်၊ ဒေါ်မြလေး၊ ဒေါ်ပုတို့ အပြင် ကျော်ဝင်း၊ ခင်မောင်မြင့်၊ အေးကြူ၊ မေမြ၊ မြင့်မြင့်ဌေး၊ မေရီမြ၊ ချစ်မောင်၊ ဖိုးပါလေး တို့ကလည်း ဧည့်သည်သရုပ်ဆောင်တွေအဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် အားဖြည့်ပေးခဲ့ကြပြီး ဖိုးပါကြီး ဟာ ပြဇာတ်လူရွှင်တော် "ဖိုးပြုံးချို" အဖြစ် ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ နာမည်တစ်လုံးရရှိလာပြီး အောင်မြင်ကျော်ကြားလာချိန် အပေါင်းအသင်းများနဲ့ သောက်စားမူးယစ်ကာ အောက်ခြေလွတ် ထင်ရာစိုင်းတတ်တဲ့စရိုက်ကြောင့် မိမိ ရဲ့ရင်သွေးငယ်ဘဝကိုပါ ပျက်ဆီးနစ်မွန်းသွားစေနိုင်ကြောင်းကို သရုပ်ဖော်ပြသထားတဲ့ ဖိုးပြုံးချို ဇာတ်ကားဟာ မင်းသားကြီး Red Skelton ရဲ့ “The Clown” ဆိုတဲ့ အမေရိကန်ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ 

"ဖိုးပြုံးချို" ဇာတ်ကားထဲမှာ မင်းသမီး တင်တင် မူ က သူ့ရဲ့ဇနီးအဖြစ်သရုပ်ဆောင်ခဲ့ပြီး ဖိုးပါကြီး ရဲ့ သားအဖြစ် ကလေးသရုပ်ဆောင် "ဝင်းမာ" က သရုပ်ဆောင်ခဲ့ပါတယ်။ ပရိသတ်ရင်ကိုထိခတ်စေခဲ့တဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်ကတော့ သားဖြစ်သူမှသူ့ကိုစိတ်နာသွားစေရန် ရင်ထဲမှမပါသော်လည်း စကားလုံးအကြမ်းစားတွေနဲ့ ဖြန်းခနဲမြည်အောင် ဒေါသတကြီးပါးရိုက်ပြီး မောင်းထုတ်တဲ့ဇာတ်ဝင်ခန်းမှာ Emotional Drama ဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ဖိုးပါကြီး ကတော့ ဟာသတင်မက အလွမ်းမှာလည်းပိုင်နိုင်ကြောင်း သက်သေထူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဖိုးပါကြီး ဟာ ၁၉၅၅ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ "ဖိုးပြုံးချို" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားပညာသည်ဆု ချီးမြှင့်ခြင်းခံခဲ့ရတဲ့အပြင် ၁၉၉၅ ခုနှစ်မှာ ပထမဆုံးချီးမြှင့်ခဲ့တဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆုကို "ဖိုးပြုံးချို" ဇာတ်ကားမှ ဝင်းမာ က ရရှိခဲ့ပြီး မြန်မာ့ရုပ်ရှင်သမိုင်းမှာ ပထမဦးဆုံးအကယ်ဒမီရရှိခဲ့တဲ့ ကလေးသရုပ်ဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

မြန်မာ့ရုပ်ရှင်သမိုင်းမှာ စံပြုရလောက်တဲ့ "ဖိုးပြုံးချို" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ "ဖိုးပါကြီး" ဟာ ၁၉၅၅ ခုနှစ်မှာ အကယ်ဒမီဆုရရှိပြီးနောက် နိုင်ငံတော်က ချီးမြှင့်တဲ့ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိခဲ့ပါတယ်။ အကယ်ဒမီပူပူနွေးနွေးရရှိခဲ့တဲ့ ဖိုးပါကြီး  ကတော့ ၁၉၅၆ ခုနှစ်မှာ မြန်မာ့ဂန္တဝင်ဇာတ်လမ်းကောင်းဖြစ်တဲ့ ဥမ္မာဒန္တီ ဇာတ်ကား နှင့် "တွေးရခက်ကြီး" ဇာတ်ကားတို့ကို ဆက်လက်ရိုက်ကူးခဲ့ပြီး ရုံတင်ပြသခဲ့ရာ သူ့ရဲ့ဟာသသရုပ်ဆောင်ချက်တွေကြောင့် ဝင်ငွေကောင်းကောင်းနဲ့ လူကြိုက်များအောင်မြင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ဖိုးပါကြီး ဟာ သူ့ခေတ်သူ့အခါက အလွန်ထင်ရှားတဲ့ ဟာသမင်းသားတစ်လက်ဖြစ်ခဲ့ကြောင်း သိနိုင်ပါတယ်။ ဇာတ်ကားပေါင်းများစွာမှာ ကျရာဇာတ်ရုပ်အမျိုးမျိုးကို လူရွှင်တော်၊ ဇာတ်ပို့၊ ဇာတ်ရံ၊ အဓိက ဇာတ်ဆောင်အဖြစ်သာမက ဒါရိုက်တာအဖြစ်လည်း အောင်မြင်တဲ့ ဇာတ်ကားအများအပြားကို ရိုက်ကူးခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ 

မြန်မာလူမျိုးတွေထဲမှာ‌ မော်တော်ကားကို ပထမဆုံးစီးနိုင်ခဲ့သူမှာ တြိရတန ဦးသိန်းမောင် ဖြစ်ခဲ့ပြီး မြန်မာ့ရုပ်ရှင်သရုပ်ဆောင်များအနက် ကိုယ်ပိုင်ကားပထမဆုံး ဝယ်စီးခဲ့သူမှာ မင်းသား မောင်ဘတင့် ဖြစ်ခဲ့ကာ ပြိုင်ကားပထဆုံးစီးနိုင်ခဲ့သူကတော့ မင်းသား ဝင်းဦး ပဲ ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါက လျှမ်းလျှမ်းတောက် အောင်မြင်မှု့တွေရရှိခဲ့တဲ့ ဟာသမင်းသား ဖိုးပါကြီး ဟာလည်း ကမ္ဘာကျော်တန်ဖိုးကြီး မာစီဒီးကားကြီးကို မြန်မာပြည်မှာ ပထမဆုံးဝယ်စီးနိုင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ဟိတ်ဟန်မရှိ၊ မာန်မာနမထားတဲ့အပြင် စိတ်ကောင်းရှိတဲ့ ဟာသမင်းသားကြီး ဖိုးပါကြီး ကို ရင်းနှီးသူတိုင်းက ချစ်ခင်လေးစားကြပါတယ်။ ငွေကြေးထက် အနုပညာအပေါ်မှာသစ္စာရှိတဲ့ ဖိုးပါကြီး ကတော့ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူဖြစ်ပြီး အားလပ်ချိန်များမှာ ပန်းချီဆွဲ၊ စာဖတ်၊ ငှက်ပစ်၊ ငါးမျှား၊ ဘိလိယက်ထိုး၊ မျက်လှည့်ပြပြီး အပန်းဖြေလေ့ရှိပါတယ်။ 

ဖိုးပါကြီး ဟာ ဇာတ်လမ်းရိုက်ကူးရာမှာ အတွဲများခဲ့တဲ့ ရုပ်ရှင်၊ ပြဇာတ်မင်းသမီး မေချစ် နဲ့ ဖူးစာဆုံခဲ့ပြီး ရန်ကုန်မြို့၊ ကန်တော်လေး ၈၇ လမ်းမှာ နေထိုင်ခဲ့ကာ သားယောက်ကျားလေးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ မင်းသမီး မေချစ် ကွယ်လွန်သွားပြီးတဲ့နောက် ဒေါ်ခင်မြိုင် နဲ့ အိမ်ထောင်သစ်ထူထောင်ခဲ့ကာ သားသမီး ၄ ဦး ထွန်းကားခဲ့ပါတယ်။ ရုပ်ရှင်လောကမှာကျင်လည်ရင်း အသက်အရွယ်ရလာတဲ့အခါ လူကြီးခန်းများတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားတွေအရိုက်ကြဲသွားပေမယ့်လည်း ဇာတ်အဖွဲ့များတွင် ပြဇာတ်ကခြင်း၊ မျက်လှည့်ပြခြင်းများဖြင့် ပရိတ်သတ်နှင့် အဆက်မပြတ်ခဲ့ပါဘူး။ ၁၉၆၁ ခုနှစ်မှာ ဖိုးပါကြီး ကပြခဲ့တဲ့ပြဇာတ်များအနက် ဒါရိုက်တာ ဘိုကလေး တင့်အောင် ရဲ့ "ခြင်ထောင်ငါးလုံး" ပြဇာတ်၊ "အမိန့်တော်ရ ရှေ့နေဦးသောကြာ" ပြဇာတ် အပြင် "ဂုဏ်နဲ့မာန" ပြဇာတ်များမှာ မင်းသား မျိုးချစ်၊ မင်းသမီး မြင့်မြင့်ဋ္ဌေးတို့နဲ့တွဲဖက်၍ သီချင်းမဆို၊ အပြောအဆိုမပါဘဲ ဟန်ပန်အမူအရာ နဲ့ပဲ "ချာလီချက်ပလင် ရုပ်ရှင်ကဲ့သို့"ကပြခဲ့ရာ ဖိုးပါကြီး ဟာ ပြဇာတ်၊ ရုပ်ရှင် အစရှိတဲ့ နယ်ပယ်စုံမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့ တကယ့်ကိုရှားမှရှားတဲ့ မြန်မာ့ဂန္တဝင်ဟာသမင်းသားကြီးပဲ ဖြစ်ပါတယ်။ 

အကယ်ဒမီ ဝင်းဦး က‌တော့ ရုပ်ရှင်လောကကို မရောက်မှီကပင် ဖိုးပါကြီး နှင့် မိတ်ဆွေလိုရင်းနှီးခဲ့ကြပြီး၊ ဆရာသမားလို အလေးထားဆက်ဆံခဲ့ပါတယ်။ ဒါကြောင့်လည်း ဝင်းဦး ဟာ နာမည်ကြီးမင်းသားဖြစ်လာတဲ့အခါ အခုငို၊ အခုရယ် ဆန့်ကျင်ဘက်အမှုအရာကို ချက်ချက်လုပ်နိုင်စွမ်းရှိသူ၊ ဇာတ်ရုပ်မရွေး ကျရာကာရိုက်တာကို ထူးခြားပြောင်မြောက်စွာ သရုပ်ဆောင်နိုင်တဲ့ အသက်အရွယ်ကြောင့် ရုပ်ရှင်အရိုက်ကြဲသွားတဲ့ ဖိုးပါကြီး ကို ဝင်းဦး ရဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းမှာ ခေါ်ယူသရုပ်ဆောင်လေ့ရှိပါတယ်။ ၁၉၆၇ ခုနှစ်နောက်ပိုင်းမှာ မင်းသား ဝင်းဦး၊ မင်းသမီး မြင့်မြင့်ခင် တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ "တိမ်လွှာမို့မို့လွင်" ဇာတ်ကားနဲ့ အဓိကဇာတ်ပို့သရုပ်ဆောင်အဖြစ် ရုပ်ရှင်လောကထဲကို ပြန်လည်ဝင်ရောက်ခဲ့တဲ့ ဖိုးပါကြီး ဟာ ၁၉၇၈ ခုနှစ်တွင် ဒါရိုက်တာ အကယ်ဒမီ မောင်တင်ဦး ရိုက်ကူးခဲ့တဲ့  "တစ်ခါက တစ်ဘဝ" ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ကို ထပ်မံရရှိခဲ့ပြီး နှစ်ထပ်ကွမ်းအကယ်ဒမီဆုရှင် ဖိုးပါကြီး ဖြစ်လာခဲ့ပါတယ်။ 

ပြဇာတ်ပေါင်း ၃ဝကျော်၊ ရုပ်ရှင်ကားပေါင်း ၁ဝဝကျော် ရိုက်ကူးခဲ့ကာ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားများ ဟာ ကြည့်ရသူအပေါင်း အူတက်မတတ်ရယ်ခဲ့ရသလို၊ ” ဖိုးပြုံးချို” ဇာတ်ကားဖြင့် မျက်ရည်လည်ရွှဲဖြစ်စေခဲ့သူတဲ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ နှစ်ထပ်ကွမ်းရ ဝဏ္ဏကျော်ထင် ဖိုးပါကြီး ဟာ ၁၉၈ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ 

အနုပညာ ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ ဖိုးပါကြီး နဲ့ မေချစ် တို့ရဲ့ သားနှစ်ယောက်အနက် သားအငယ်ဆုံးဖြစ်တဲ့ ဇေယျာ ကတော့ အနုပညာလောကမှာ အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့ပြီး နာမည်ကျော်မင်းသားတွေဖြစ်တဲ့ စိုးသူ၊ကျော်သူ၊ သီဟတင်စိုး တို့နဲ့ ခေတ်ပြိုင်မင်းသားတစ်ဦးဖြစ်ခဲ့ကာ ဇာတ်ကားပေါင်း ၆၀ ကျော် နဲ့ ဗီဒီယိုကားပေါင်း ၃၀၀ ကျော်မှာ သရုပ်ဆောင်ခဲ့ပါတယ်။ ဖိုးပါကြီး ရဲ့ သားဖြစ်သူ ဦးပညာဝံသ တစ်ဖြစ်လဲ မင်းသားဇေယျာ ဟာ သန်လျင်မြို့နယ်၊ သဘာဝတရားရိပ်သာမှာ သီတင်းသုံးနေပြီး သာသနာ့ဝန်ကိုထမ်းဆောင်နေပါတယ်။ 

ပရိသတ်တွေရဲ့ ဘဝအမောတွေကို ရယ်မောပျော်ရွှင်စရာတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးရင်း ပျော်စေခဲ့သူ ဟာသမင်းသား ဖိုးပါကြီး ကတော့ လူသေသော်လည်း နာမည်မသေတဲ့ စွယ်စုံရအနုပညာရှင်တစ်ဦးအဖြစ် မြန်မာ့ရုပ်ရှင်သမိုင်းမှာ ဆက်လက်ထင်ကျန်နေအုန်းမှာ အသေအချာပါပဲ။ 

Celodia ကို အချိန်တိုင်းအားပေးနေတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ထပ်လဲ အနုပညာရှင်တွေရဲ့ ဘဝအကြောင်းတွေကို ဆက်လက်တင်ဆက်ပေးဦးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။