Rock ဂီတလောကရဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့ အဆိုတော် မျိုးကြီး ရဲ့ဘဝအကြောင်း

ယောင်္ကျားလေးပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော်ကြီး ...

Rock ဂီတလောကရဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့ အဆိုတော် မျိုးကြီး ရဲ့ဘဝအကြောင်း

တေးသံရှင်မျိုးကြီးကတော့ မြန်မာ့ Rock ဂီတလောကရဲ့ ပုံရိပ်တစ်ခုလို့တောင် တင်စားလို့ရတဲ့ တေးသံရှင်၊ ဂစ်တာသမားတစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဂန္တဝင် တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Iron Cross အဖွဲ့ရဲ့ အရေးပါတဲ့ အဆိုရှင် တစ်ဦးဖြစ်ပြီး ပြည်တွင်းပရိသတ်တွေသာမက ပြည်ပနိုင်ငံတွေအထိပါ အောင်မြင်မှု အရှိန်အဝါ ကြီးမားလှတဲ့ တေးသံရှင်တစ်ဦးလည်းဖြစ်ပါတယ်။

မျိုးကြီးကိုတော့ ၁၉၇၆ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ ဖခင်ဖြစ်သူ ဦးတင်မောင်ဌေး၊ မိခင်ဖြစ်သူ ဒေါ်တင်တင်ဌေး တို့မှ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းကတော့ မျိုးမင်းဌေး ဖြစ်ပါတယ်။ မွေးချင်းအနေနဲ့ ညီတစ်ယောက်ရှိပြီး မျိုးကြီးကတော့ အစ်ကိုဖြစ်ပါတယ်။ ညီဖြစ်သူကတော့ အင်ဂျင်နီယာတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

မျိုးကြီးရဲ့ ပညာရေးကို လေ့လာကြည့်တဲ့အခါမှာတော့ အတန်းပညာကို တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း(လှိုင်) မှာ တက်ရောက်သင်ကြားခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဒဂုံတက္ကသိုလ်မှာ သတ္တ‌ဗေဒ အထူးပြုမေဂျာနဲ့ အဝေးသင် တက်ရောက်ခဲ့ပြီး ဘွဲ့ရရှိခဲ့ပါတယ်။

ဂီတလောကထဲကိုတော့ ၁၉၉၃ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး Ghost Rider လို့အမည်ရတဲ့ Band တစ်ခုမှာ lead ဂစ်တာသမားတစ်ဦးအဖြစ် ဝင်ရောက်တီးခတ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ နာမည်ကျော် တေးရေးဆရာ၊ ဂစ်တာသမားတစ်ဦးဖြစ်တဲ့ စောဘွဲ့မှူး တည်ထောင်ခဲ့တဲ့ Iron Cross အဖွဲ့ကို ဝင်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တစ်ချိန်မှာ ဂန္တဝင် အဆိုတော်ကြီးတွေဖြစ်လာကြမယ့် လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်း တို့ဟာ ပူပူနွေးနွေး မျက်နှာသစ် Band တစ်ခုဖြစ်တဲ့ Iron Cross ဆီကို ရောက်ရှိလာခဲ့ကြပါတယ်။

Iron Cross အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မျိုးကြီးဟာ Hard Rock, Heavy Metal, Soft Rock စတဲ့ ဂီတ အမျိုးအစားတွေကို သီဆိုခဲ့ပြီး ၁၉၉၇ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်ဘမ်ဖြစ်တဲ့ “ကျောက်စာများ” ဆိုတဲ့ အယ်ဘမ်ကို ဖြန့်ချီခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ၁၉၉၈ ခုနှစ်မှာ “လေပြည်” လို့အမည်ရတဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အယ်ဘမ်ကို ထပ်မံဖြန့်ချီခဲ့ပါတယ်။ အယ်ဘမ်နှစ်ခု ထွက်ရှိပြီးတဲ့နောက်မှာတော့ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိခဲ့ပြီး မြန်မာ့ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။

Michael Learn ရဲ့ Blue Night သီချင်းကို ပြန်လည် ဖန်တီးထားတဲ့ “အပြာ‌ရောင်အချစ်ည” ၊ “မလာပါနဲ့” အစရှိတဲ့ တေးသီချင်းတွေဟာ မျိုးကြီးအတွက် ကြီးမားလှတဲ့ အောင်မြင်မှု အရှိန်အဝါတွေကို သယ်ဆောင်ပေးခဲ့တဲ့ တေးသီချင်းတွေပဲဖြစ်ပါတယ်။ မျိုးကြီးရဲ့တေးသီချင်းတော်တော်များများဟာ ပြည်တွင်းက အဆိုပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်တေးသီချင်းအဖြစ် မကြာခဏ အသုံးပြုကြရုံသာမက ပြည်ပက အဆိုပြိုင်ပွဲတွေမှာပါ မျိုးကြီးရဲ့ တေးသီချင်းတွေကို မြန်မာဘာသာနဲ့ သီဆိုပြီး ပြိုင်ပွဲဝင် ကြရလောက်အောင်ကို ခမ်းနားလှပါတယ်။

လက်ရှိအချိန်အထိ မျိုးကြီးရဲ့ ထွက်ရှိပြီးဖြစ်တဲ့ တစ်ကိုယ်တော် အယ်ဘမ်တွေကတော့ ကျောက်စာများ(၁၉၉၇)၊ လေပြည်(၁၉၉၈)၊ အခမ်းနားဆုံး(၂၀၀၀)၊ အပြန်လမ်း(၂၀၀၂)၊ ဆန့်ကျင်ဘက်(၂၀၀၃)၊ နိစ္စဓူဝ(၂၀၀၆)၊ Live In Yangon 1 (၂၀၀၈)၊ Live In Yangon 2(၂၀၀၈)၊ ယူလိုက်(၂၀၁၀)၊ ပြောင်းလဲခြင်းများ(၂၀၁၅) စတဲ့ အယ်ဘမ်တွေပဲဖြစ်ပါတယ်။ တစ်ကိုယ်တော် အယ်ဘမ်တွေသာမကဘဲ collaboration အယ်ဘမ်ပေါင်းများစွာကိုလည်း ဖြန့်ချီခဲ့ပါသေးတယ်။

အနုပညာသက်တမ်းတစ်လျှောက် ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ၂၀၀၇ ခုနှစ်၊ ရန်ကုန်မြို့မှာ “Live In Yangon” ဆိုတဲ့ အမည်နဲ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာတော့ သူ့ရဲ့ ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို “Min 90(Live 90)” ဆိုတဲ့ အမည်နဲ့ Myanmar Event Park မှာ ကျင်းပ ဖျော်ဖြေခဲ့ပါတယ်။

တေးသံရှင်မျိုးကြီးဟာ ၂၀၁၅ ခုနှစ်မှာ နာမည်ကျော် Smart Phone Brand တစ်ခုဖြစ်တဲ့ Oppo ရဲ့ Product Ambassador အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်းက နာမည်ကျော် TV Show တစ်ခုဖြစ်တဲ့ “Myanmar’s Got Talent” အစီအစဥ်မှာလည်း ဒိုင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

မျိုးကြီးရဲ့ Personal Life ကိုကြည့်မယ်ဆိုရင်တော့ ၂၀၀၂ ခုနှစ်မှာ ဇင်မာလွင်လို့ အမည်ရတဲ့ အမျိုးသမီးနဲ့ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ သားနှစ်ဦး ထွန်းကားခဲ့ပြီး သားဖြစ်သူတွေကတော့ လင်းသုတမျိုးနဲ့ အံ့သုတမျိုးတို့ ဖြစ်ကြပါတယ်။ ခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်ပြီး ဘာသာတရား ကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။

မျိုးကြီးရဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့မှာတော့ ဘာသာရေး အခမ်းအနားတစ်ခုကနေ Covid 19 ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ပြည်တွင်း ပရိသတ်တွေကြားထဲမှာ စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

မျိုးကြီးရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တေးသီချင်းကတော့ စာသားတစ်ကြောင်းစီတိုင်းမှာ အနှစ်သာရတွေ အပြည့်အဝ ပါဝင်နေတဲ့ “ညီလေး” ဆိုတဲ့ တေးသီချင်းပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မျိုးကြီးဟာ မြန်မာ့ဂီတလောကမှာ ဝါရင့် တေးသံရှင်တစ်ဦးအဖြစ်၊ Iron Cross Entertainment နဲ့အတူ အနုပညာအလုပ်တွေကို လက်တွဲလုပ်ကိုင်လျှက်ရှိပါတယ် ။