စိတ်ပျိုကိုယ်နု ဂန္တဝင် လူရွှင်တော် ဟာသသရုပ်ဆောင် ဦးစံမတူ ရဲ့ ဘဝအကြောင်း

ပရိသတ်တွေရဲ့ ဘဝအမောတွေကို ဟာသတွေနဲ့ပျော်ရွှင်စေခဲ့ဖူးတဲ့ လူရွှင်တော်ကြီး ...

စိတ်ပျိုကိုယ်နု ဂန္တဝင် လူရွှင်တော် ဟာသသရုပ်ဆောင်  ဦးစံမတူ ရဲ့ ဘဝအကြောင်း

မြန်မာ့ရုပ်ရှင်လောကမှာ ချစ်စရာကောင်းပြီး ပရိသတ်တွေရဲ့ဘဝအမောတွေကို တတ်ကျွမ်းထားတဲ့ ဟာသပညာနဲ့ရယ်မောပျော်ရွှင်စေခဲ့တဲ့ လူရွှင်တော်ကြီးတွေထဲကမှ ဦးစံမတူ ရဲ့ ဘဝအကြောင်းကို တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ 

ဟာသဉာဏ်ပညာမှာ အလွန်ထက်မြတ်တဲ့ လူရွှင်တော်၊ ဟာသသရုပ်ဆောင် ဦးစံမတူ ကို ၁၉၃၂ ခုနှစ်၊ ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံ ဂျမန်ခါနာ မှာ အဖ ဦးဘခိုင် နဲ့ မိခင် ဒေါ်ကြီးမေ တို့က မွေးဖွားခဲ့ပြီး နာမည်ရင်းမှာ မောင်မြင့်သိန်း ဖြစ်ပါတယ်။ နေထိုင်ရာ ရန်ကုန်မြို့၊ ၁၁ လမ်းမှာ နာမည်ကျော် အငြိမ့်အဖွဲ့၊ ဇာတ်အဖွဲ့များရှိတာကြောင့် ကလေးသာသာရှိသေးတဲ့ မောင်မြင့်သိန်း ဟာ ကျောင်းအားလပ်ရက်တိုင်းမှာ သွားရောက်ကြည့်ရှု့ပြီး ဇာတ်သဘင်အငြိမ့်ပွဲတွေကို နှစ်သက်သဘောကျလာခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အနုပညာဝါသနာကြီးလာခဲ့ပြီး ကျောင်းစာထိခိုက်လာတာကြောင့် ပညာတတ်ကြီးဖြစ်စေချင်တဲ့ ဖခင်ဖြစ်သူက "မင်းက လူပြက်လုပ်ချင်တာလား" ဆိုပြီး မေးမေးပြီး အရိုက်ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်း အသက် ၁၆ နှစ် အရွယ်၊ ၁၉၄၈ နှစ်လောက်မှာ မြဒဂုံဇာတ်အဖွဲ့မှာ လူရွှင်တော်အဖြစ် စတင်ကပြခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ပြည်ထောင်စုဘဏ်မှာ အလုပ်လုပ်ကိုင်ရင်း ဝါသနာတူဝန်ထမ်းတွေဖြစ်ကြတဲ့ ရွှေရိုး၊ သော်တာ၊ ပလာတာတို့နဲ့တွဲမိပြီး အပျော်တမ်းလူရွှင်‌တော်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ 

လူရွှင်တော်အလုပ်ကို ဝါသနာပါလွန်းလို့ အိတ်စိုက်ကာ အရပ်ဇာတ်တွေမှာ ဝင်ရောက်ကပြရင်း အပျော်တမ်းလူရွှင်တော်ကြီးများရယ်လို့ နာမည်ကြီးလာတဲ့အချိန် နိုင်ငံတော်နေ့ကြီးတွေမှာ ကျင်းပတဲ့  ဖျော်ဖြေပွဲတိုင်းမှာ ပွဲတိုင်းကျော်အဖြစ် သူတို့လေးဦးဟာ အမြဲတမ်းလိုလို ပါဝင်ဆင်နွှဲကပြခဲ့ရပါတယ်။ အဲ့ဒီလို ဇာတ်ပွဲ အငြိမ့်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ လှည့်လည်ကပြဖျော်ဖြေနေချိန်မှာ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ ဦးအောင်ဝင်း က ဦးစံမတူ ရဲ့ ဟာသဉာဏ်ရွှင်ပြီး ပြောပုံဆိုပုံများနဲ့ သဏ္ဍန်လုပ်သရုပ်ဆောင်မှု့များကို မြင်မြင်ချင်းသဘောကျပြီး ရုပ်ရှင်ဇာတ်ကားထဲ ထည့်ရိုက်ခဲ့ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ထွန်းဝေ၊ ကောလိပ်ဂျင်နေဝင်း၊ ဒေစီကျော်ဝင်း၊ ခင်သန်းနု တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ "မောင့်မူပိုင်ရှင်" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဦးစံမတူနဲ့ဦးသော်တာကို သရုပ်ဆောင်တွေအဖြစ် ခေါ်ရိုက်ခဲ့တဲ့အချိန်ကစပြီး အပျော်တမ်းလူရွှင်တော်ကြီးလေးဦး ဟာ ရုပ်ရှင်လောကထဲကို ရောက်ရှိလာခဲ့ပါတော့တယ်။

မန္တလေးမြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ပွဲကို သွားရောက်ဖျော်ဖြေရင်း ရုပ်ရှင်မင်းသား ဝင်းဦး နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ လူရွှင်တော်ကြီး စံမတူ ဟာ မင်းသား ဝင်းဦး ကွယ်လွန်သွားတဲ့အချိန်ထိ ဖြေဖျော်ရေးပွဲတွေ၊  ရုပ်ရှင်တွေ၊ ပြဇာတ်တွေမှာ အတူတကွတွဲဖက်ပြီး အမှားအယွင်းမရှိ လက်တွဲညီညီရှိခဲ့ပါတယ်။ ရုပ်ရှင်လောကထဲကို စတင်ဝင်ရောက်လာချိန် ခဏလေးအတွင်းမှာပဲ ဟာသဉာဏ်ရွှင်တော်၊ လူရွှင်တော်အဖြစ် ပရိသတ်တွေနဲ့ ရုပ်ရှင်ဒါရိုက်တာတွေက အသိမှတ်ပြု လက်ခံအားပေးမှု့များစွာကို ရရှိခဲ့ပါတယ်။ 

လူရွှင်တော်ကြီး ဦးစံမတူ နဲ့ တွဲဖက်ဟာသသရုပ်ဆောင်များမှာ ဂျော်လီဆွေ ၊ ဦးပလာတာ ၊ ရွှေအိုးစည် ၊ ဒေါ်နွဲ့နွဲစမ်း ၊ တုတ်တုတ် တို့ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများပါဝင်ရိုက်ကူးခဲ့ရာမှာ လက်တွဲမှု့အများဆုံး ဒါရိုက်တာကတော့ ဒါရိုက်တာ ဦးသုခ နဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ မင်းသားချော ဝင်းဦး တို့ဖြစ်ပါတယ်။ အနုပညာသက်တမ်းတစ်လျှောက်မှာ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားပေါင်း ၂၀၀ ကျော်ရိုက်ခဲ့ပြီး ထင်ရှားကျော်ကြားလူကြိုက်များတဲ့ ဇာတ်ကားများမှာ " သြော် မိန်းမ ၊ ချစ်သူရွေးမယ်ချစ်ဝဲလည် ၊ ရဟန်းစားရသောဆွမ်းတစ်နပ်" ဇာတ်ကားများဖြစ်ပါတယ်။

လူရွှင်တော်ကြီး ဦးစံမတူ ရဲ့ ပြင်ပလူနေမှုဘဝကတော့ အမြဲတမ်းဘဲ စိတ်ပျိုကိုယ်နု ဆိုသလို ဆွဲကြိုးတွေ ၊ လက်မှာလည်း ဟန်းချိန်းတွေအများကြီးနဲ့ စတီးကြိုးကြီးတန်းလန်းတပ်ထားတဲ့ ဘောင်းဘီတိုကို အမြဲဝတ်ဆင်ကာ လူငယ်စတိုင်လ် နဲ့ သွားလာနေထိုင်တက်ပါတယ်။ 

အသက်အရွယ်ကြောင့် အနုပညာအလုပ်တွေကို ရပ်နားလိုက်တဲ့ ဦးစံမတူ ဟာ ကျန်းမာရေးအရ လမ်းလျှောက်ထွက်လေ့ရှိတတ်ပြီး အသိမိတ်ဆွေတွေအိမ်ကို သွားရောက်လည်ပတ်ပြီး အရင်က ရုပ်ရှင်နဲ့ပတ်သက်တဲ့ အမှတ်တရတွေကို တသသပြန်ပြောလေ့ရှိတဲ့အပြင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဟောင်းများကို ပြန်လည်ကြည့်ရှု့ရင်း ဘဝကိုဖြတ်သန်းခဲ့ပါတယ်။ ကိုယ်ပိုင်မိသားစုမရှိ၊ လူပျိုကြီး ဖြစ်တဲ့ ဦးစံမတူ ဟာ တူဖြစ်သူနဲ့အတူ ရွှေဂုံတိုင်တိုက်ခန်း မှာ အတူတကွနေထိုင်ခဲ့ကာ ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ ၊ နေအိမ်မှာပဲ လူကြီးရောဂါ နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ်ရှိပြီဖြစ်ပါတယ်။ 

ညစ်ညမ်းတဲ့ပြက်လုံးတွေမပါဘဲ သန့်ရှင်းပြီး အဆင့်အတန်းမြင့်တဲ့ဟာသတွေနဲ့ ပရိသတ်တွေကို ပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်အောင် ဖျော်ဖြေတင်ဆက်ခဲ့တဲ့ ဂန္တဝင် လူရွှင်တော်ကြီး ဦးစံမတူ ကတော့ ပရိသတ်အားလုံးရဲ့ရင်ထဲမှာ အမြဲတမ်း အမှတ်တရရှိနေအုန်းမှာ အသေအချာပါပဲနော်။ အချိန်တိုင်းအားပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ တခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ၊ အဆိုတော်များ နဲ့ နယ်ပယ်စုံအလွှာစုံ က အနုပညာရှင်အသီးသီး တို့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသိရှိရသလောက် ဖော်ပြပေးအုန်းမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါအုန်းနော်...။