ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားတဲ့ Rock အဆိုတော်ကြီး လေးဖြူ ရဲ့ဘဝအကြောင်း

အားလုံးကချစ်ရတဲ့ မြန်မာပြည်ရဲ့ Legend ကြီး ...

ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားတဲ့ Rock အဆိုတော်ကြီး လေးဖြူ ရဲ့ဘဝအကြောင်း

Rock သီချင်းတွေကို မာန်ပါပါသီဆိုတတ်တဲ့ ပရိသတ်အချစ်တော် အဆိုတော်ကြီး လေးဖြူ ရဲ့ဘဝအကြောင်း တစ်စိတ်တစ်ပိုင်းကို လေ့လာမိသလောက် ပြန်လည်ဖော်ပြပေးချင်ပါတယ်။ လေးဖြူရဲ့ဘဝအကြောင်းကို ပြောရမယ်ဆိုရင် အရင်ဆုံး သူမမွေးဖွားခင်က မိဘနှစ်ပါးတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကနေ စပြောရမှာပါ...။ 

လေးဖြူရဲ့မိဘနှစ်ပါးကတော့ သတ္တုတွင်းအင်ဂျင်နီယာ ဦးကြည်စိုး နဲ့ ဒေါ်မေ တို့ကနေ မွေးဖွားလာခဲ့တဲ့ စတုတ္တမြောက်သားဖြစ်ပါတယ်။ သူမမွေးဖွားခင်ကပင် ဖခင်ဖြစ်သူဟာ နမ္မတူ၊ဘော်တွင်းရှိ ဝန်ထမ်းလိုင်းခန်းမှာနေထိုင်ပြီး အချစ်ဆုံးငယ်သူငယ်ချင်း ဦးစောမြငွေ ဆိုတဲ့ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ ကရင်လူမျိုးမိတ်ဆွေတစ်ဦးနဲ့အတူတကွ အလုပ်လုပ်ကိုင်တာပါ။ တစ်နေ့တော့ မိတ်ဆွေဖြစ်သူ ဦးစောမြငွေ ရဲ့ဇနီး ဒေါ်အမိုး က အိမ်မက်တစ်ခုမက်ခဲ့တယ်။ အိမ်မက်ထဲမှာ " အရပ်မြင့်မြင့်မားမား၊ အသားဖြူဖြူ တရုတ်မျက်နှာပေါက်နဲ့ ဘုန်းတော်ကြီးတစ်ပါး...သူ့နောက်မှာလည်း ကပ္ပိယတစ်ပါးပါလာတယ်...အသံသြဇာကြီးကြီးနဲ့ဘုန်းကြီးက ဒကာမကြီးအိမ်မှာနေမလို့...ဘုန်းကြီးတို့ကြွလာတာ"ဆိုပြီး ထူးထူဆန်းဆန်းပြောတယ်။ ကရင်မကြီးက တောင်ပေါ်သူမို့ စကားပြောရိုးသားသူဖြစ်လေတော့ ဘုန်းကြီးမရှိခိုးတတ်၊ ထုံးစံလည်းဘာမှနားမလည်သူမို့ ကပ္ပိယကိုတော့ခေါ်ထားပြီး ဘုန်းကြီးကိုတော့ ဘာသာတရားကိုင်းရိုင်းတဲ့ ဦးကြည်စိုး နဲ့ ဒေါ်မေ တို့အိမ်မှာသွားနေဖို့ လမ်းညွှန်ပေးလိုက်ပါတော့တယ်။ 

နောက်တစ်နေ့မှာ ဦးကြည်စိုး နဲ့ ဒေါ်မေ ကိုအိမ်မက်အကြောင်းပြောပြပြီး မကြာခင်မှာပဲ တစ်ပြိုင်နက်တည်း ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ သူတို့တွေစိတ်ထဲမှာလည်း ဒေါ်မေ့ဗိုက်ထဲမှရင်သွေးဟာ ဘုန်းကြီးဝင်စားတာဖြစ်ပြီး အမိုးရဲ့ရင်သွေးဟာလည်း ကပ္ပိယဝင်စားတယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဦးကြည်စိုး ဟာ ဇနီးဖြစ်သူ ဒေါ်မေရဲ့မွေးရပ်ဇာတိဖြစ်တဲ့ စိုက်ပျိုးရေး၊ ယက်ကန်း နဲ့ ပန်းထိမ်လုပ်ငန်းများကြောင့် စီးပွားရေးတောင့်တင်းသလို အစဉ်အလာအရ အနုပညာနောက်ခံအားကောင်းတဲ့ အင်းလေးဒေသ၊ ဟဲယာရွာမဇာတိမှာပဲ စတုတ္တမြောက်ကလေး(လေးဖြူ) ကို မွေးဖွားဖို့စီစဉ်ခဲ့ပါတယ်။ 

၁၉၆၅ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ ဗုဒ္ဓဟူးနေ့။ အင်းလေးကန်မှာ မိုးဦးလေဦးစောစီးစွာ ကျရောက်ခဲ့ပြီဖြစ်တာကြောင့် ထိုနေ့က မိုးကြီးလေးကြီးပြင်းစွာတိုက်ခတ်လျှက်ရှိပြီး ပင်လယ်ပြင်သဖွယ်ဖြစ်လို့နေချိန်မှာ မီးနေခန်းထဲမှာ ကလေးငယ်တစ်ဦးကို မွေးဖွားဖို့ကြိုးစားနေတဲ့ မိခင်တစ်ဦးရဲ့ ညဉ်းတွားသံက တစ်ချက်ချက်ကြားနေရပါတယ်။ ထိုစဉ် စူးရှတဲ့အလင်းတန်းတစ်ချက် လက်ခနဲဖြစ်သွားကာ တစ်ပြိုင်နက် နားစည်ကွဲလုမတတ် ဂျုန်းဂြိမ့်ဂြိမ့်အသံကြီး နဲ့အတူ "အူး...ဝါး"ကျယ်လောင်တဲ့ငိုကြွေးသံထွက်ပေါ်လာခဲ့ပြီး ဝဝထွားထွား ဖြူဖြူဖွေးဖွေး သားယောက်င်္ကျားလေးကို အခက်အခဲမရှိ ချောမွေ့စွာမွေးဖွားနိုင်ခဲ့ပါတယ်။ အိမ်ရှေ့မှာရှိတဲ့ ရေတမာပင်ကတော့ မိုးကြိုးပစ်ချလို့ ကျိုးကျပြီးသစ်ပင်တစ်ခြမ်း မီးထလောင်လျှက် သွပ်နန်းကြိုးသည်လည်း အရည်ပျော်တွန့်ကွေးပြုတ်ကျသွားခဲ့လေသည်။ အရပ်ထဲတွင်တော့ "ဟာ...အဲ့ဒီသူငယ် မလွယ်ဘူး။ မွေးတုန်းက မိုးကြိုးကျတဲ့ ကလေးမဟုတ်လား" ဆိုပြီးပြောစမှတ်တွင်သွားခဲ့တယ်။ နောင်တစ်ချိန် မြန်မာပြည်မှာ မိုးကြိုးသံလို ထစ်ချုန်း အောင်မြင်တဲ့ ရော့ခ်သူရဲကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့တော့ အဲဒီတုန်းက သူတို့ တွေးထင်မိခဲ့ကြမှာ မဟုတ်ပါဘူး။ ဒေါ်မေ ကလေးမွေးဖွားပြီး ရက်ပိုင်းအတွင်းမှာပင် နမ္မတူ၊ဘော်တွင်းနေ ဦးစောမြငွေ၊ ဒေါ်အမိုးတို့မှာလည်း ကပ္ပိယဝင်စားတယ်လို့ ယုံကြည်ထားတဲ့"စောထီးဝါး"ဆိုတဲ့ သားင်္ယောကျားလေး မွေးဖွားခဲ့ပါတယ်။ 

ကလေးအရွယ်ရောက်လာတဲ့အချိန်မှာ ဗေဒင်နက္ခတ်တွေအရ မိခင်ထက်ပိုမြတ်တဲ့သားဖြစ်နေလို့ ခိုက်မည်စိုးတာကြောင့် အဖွားဖြစ်သူကို ဆန်တစ်ပြည်၊ ငွေတစ်မတ်နဲ့ ရောင်းခဲ့ပြီး အဖွားဖြစ်သူလက်ထဲမှာပဲ လူလားမြောက်ခဲ့ပါတယ်။ လိုလေးသေးမရှိအောင် ဖြည့်ဆည်းပေးခဲ့တဲ့ အဖွားရယ်၊ မိခင်ရယ်နဲ့အတူ အင်းထဲမှာပဲ နေထိုင်ကြီးပြင်းခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးကြည်စိုး အလုပ်လုပ်ကိုင်ရာ နမ္မတူ၊ ဘော်တွင်းမှာတော့ အစ်မကြီး ကြည်ကြည်မြင့်၊ သန်းနိုင်စိုး၊ ဌေးအောင်စိုး တို့လိုက်လံနေထိုင်ကြပြီး တစ်နှစ်မှာ တစ်လလောက်သာ အင်းထဲကို ပြန်လာလေ့ရှိကြပါတယ်။ ဒါကြောင့်လဲ အကြာကြီးနေမှတွေ့ရတဲ့ ဖခင်နဲ့စိမ်းနေတာကြောင့် ကြောက်သလိုနဲ့တုန်လှုပ်နေတတ်ပါတယ်။ 

လေးဖြူရဲ့ နာမည်အရင်းက ဝင်းလှိုင်စိုး၊ အစ်မဖြစ်သူ မကြည်ကြည်မြင့် က ချစ်စနိုးနဲ့ "မောင်မောင်လေး"လို့တဖွဖွခေါ်တယ်။ မိသားစုဝင်တွေအားလုံးရဲ့ အသားအရည်ဟာ ညိုစိမ့်ကြပေမယ့် ဝင်းလှိုင်စိုး ကတော့ အသားဖြူဖြူဖွေးဖွေး တရုတ်မျက်နှာပေါက်နဲ့ ဖြစ်နေတယ်။ အဲ့ဒါကြောင့် အစ်မဖြစ်သူက "မောင်မောင်လေး၊မောင်မောင်လေးဖြူ၊ မောင်လေးဖြူ" ရယ်လို့ခေါ်ရင်း နဲ့ "လေးဖြူ "ဆိုပြီး နာမည်တွင်သွားခဲ့တယ်။ မောင်လေးဖြူ နဲ့ တစ်နှစ်ကျော်မျှခြားတဲ့ ညီငယ် ဝင်းကြိုင်စိုး (အငဲ) နဲ့ အမြဲတမ်းအတူစား၊အတူကစားဖြစ်တာကြောင့် မောင်နှမတွေထဲမှာပိုပြီးအနေနီးပါတယ်။ 

ကျောင်းပညာအနေနဲ့ကတော့ ကျူရှင်နဲ့ကျောင်းကို ဝတ္တရားမပျက်တတ်နေရပေမယ့် စိတ်ထဲမှာတော့ ဂစ်တာတီးနေရတဲ့အချိန်တွေဟာ အပျော်ဆုံးအချိန်တွေ ဖြစ်ခဲ့ပါတယ်။ ဓာတုဗေဒဘာသာရပ်မှာ အနည်းငယ်အားနည်းပြီး သင်္ချာနဲ့အင်္ဂလိပ်စာမှာတော့ ထူးချွန်ပါတယ်။ ဒါကြောင့်လဲ မန္တလေးတက္ကသိုလ်ကနေပြီးတော့ အင်္ဂလိပ်စာအထူးပြု ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပါတယ်။ တောင်ကြီးကနေစီးဆင်းလာခဲ့တဲ့ လေးဖြူရဲ့ဂီတမြစ်ကလေးဟာ မန္တလေးတက္ကသိုလ်ရောက်တဲ့အခါ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ မန္တလေးမြို့က ဆရာဦးဌေးလှိုင် ရဲ့ အေဒင်ဂစ်တာသင်တန်းမှာ သင်တန်းကြေး တစ်လကို"အစိတ်"ပေးပြီးတတ်ခဲ့ပေမယ့် ဆရာကလခကို ပထမတစ်လလောက်ပဲ လခယူခဲ့ပြီး ရမ်သမ်၊ ဘေ့စ်၊ ဒရမ်၊ လိဒ် တီးခတ်နည်းတွေကို စနစ်တကျသင်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ အချိန်ပိုင်းသင်တန်းနည်းပြဆရာအဖြစ် ပြန်လည်ခန့်ထားရတဲ့အထိ လေးဖြူ ဟာ ဂီတအောက်သက်ကြေခဲ့ပါတယ်။ 

မန္တလေးတက္ကသိုလ်မှာ ကျောင်းတတ်နေချိန်ထဲက ဝိုင်ဝိုင်း၊ ဟယ်ရီလင်း(ဃကြီး) တို့နဲ့ ဂစ်တာအတူတီး၊ သီချင်းအတူဆိုခဲ့တဲ့ မေဂျာတူ၊ ဝါသနာတူ ဘော်ဒါအရင်းတွေဖြစ်ခဲ့တာပါ။ ကျောင်းပိတ်ရက်ရောက်တိုင်း တောင်ကြီးမြို့ကိုပြန်ပြီး ဝါသနာရှင်တွေကို ဂီတာသင်တန်းပေးတဲ့အချိန် လက်တွဲဖော်ဖြစ်လာမည့် မနွယ်နဲ့တွေ့ဆုံခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘဝထဲက ချစ်ကြိုက်ခဲ့ကြတာပါ။ ဇနီးဖြစ်သူ မနွယ်နဲ့အိမ်ထောင်ကျပြီး မုံရွာက တေးရေးဆရာ ကေအေတီ တို့အိမ်မှာ နေခဲ့ကြပါတယ်။ ထိုအချိန်က ကေအေတီ က ကဗျာဆရာ ကျော်အောင်သစ် အဖြစ်ပဲ ရှိပါသေးတယ်။ တေးရေးဆရာဖြစ်လာတော့မှ ကေအေတီ ဆိုတဲ့ နာမည်ဖြစ်လာတာပါ။ လေးဖြူ ဟာ ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်သန်း နဲ့ ဆောင်းလေးဖြူ နဲ့ တိမ်လေးဖြူ ဆိုတဲ့ သားသမီးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ 

လေးဖြူ ရဲ့ ပထမဆုံးတေးစီးရီးကတော့ ၁၉၉၃ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ "ကန္တာရလမင်း" အခွေပဲဖြစ်ပါတယ်။ ကန္တရလမင်း ရဲ့ အလင်းရောင်က မြန်မာတစ်ပြည်လုံး ထွန်းလင်းတောင်ပသွားခဲ့ပြီး "လေးဖြူ"ဆိုတဲ့ နာမည်ဟာ ပရိသတ်တွေရင်ထဲကို ရောက်ရှိခဲ့ပါတော့တယ်။ တေးရေးဆရာတွေက သော်ဒီဝေ၊ ကေအေတီ၊ နိုင်းနိုင်၊ အငဲ တို့က သီချင်းတွေကိုရေးစပ်ပေးထားကာ Iron Cross Music Band နဲ့ Lynn Studio မှာ အသံသွင်းခဲ့ပါတယ်။ ထို့နောက် ပင်လယ်အော်သံ၊ ကျိန်စာ၊ ပါဝါ၊ ကမ္ဘာသစ်တေး၊ ဂီတမဉ္ဇူရီ၊ သားကောင်၊ အိမ်မက်ကဗျာ စတဲ့တေးစီးရီးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှု့ကို သိမ်းပိုင်နိုင်ခဲ့တဲ့အပြင် သူ့ရဲ့အောင်မြင်မှု့တွေကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ 

လေးဖြူ ရဲ့တေးစီးရီးခွေ တစ်ခွေထွက်လာဖို့ နှစ်ပေါက်အောင်စောင့်ရပြီး ထွက်လာတဲ့သီချင်းတိုင်းဟာလည်း ခဏလေးနဲ့ရိုးမသွားစေဘဲ အနှစ်သာရအပြည့်နဲ့မို့ အချိန်တိုင်းနားထောင်ချင်လောက်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ အဆိုတော် လေးဖြူ ရဲ့ကိုယ်ပိုင်သံစဉ်အခွေဖြစ်တဲ့ "လိပ်ပြာ"တေးရီးစီးကတော့ မြန်မာနိုင်ငံမှာမက ကမ္ဘာ့နိုင်ငံတစ်ချို့ထိပါ တောင်ပံခတ်နိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ တီးဝိုင်းတစ်ခုကို သီချင်းတစ်ပုဒ်ပဲ တင်ဆက်ခွင့်ပြုတဲ့ နိုင်ငံတကာရော့ခ်ဂီတပွဲတော်တစ်ခုမှာ လေးဖြူ ဟာ ron Cross band တို့တွဲဖက်ပြီး အဆိုတော် ထူးအိမ်သင် ရဲ့ "ရာဇဝင်များရဲ့သတို့သမီး" သီချင်းကိုဖျော်ဖြေခဲ့ပါတယ်။ အဲ့အချိန်က လေးဖြူ ရဲ့ကိုယ်ပိုင်သံစဥ်သီချင်းတွေ မထွက်ခင်အချိန်ဖြစ်တာကြောင့် ဦးငှက် ရဲ့သီချင်းနဲ့ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ လူတွေကိုစိတ်ခွန်အားပေးနိုင်တဲ့ "ယုံကြည်ရာ" သီချင်းလေးဟာ လက်ရှိအချိန်ထိ မရိုးနိုင်အောင် နားထောင်လို့ကောင်းနေဆဲပါ။ ထို့အတူ မြန်မာပြည်ရဲ့ Legend ရော့ခ်သူရဲကောင်းကြီးကိုလည်း ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေကြတုန်းပါပဲ‌နော်။ 

အချိန်တိုင်းအားပေးနေတဲ့ Celodia စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေရဲ့ Biography တွေကို နောက်ထပ်တင်ဆက်ပေးအုန်းမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါအုန်းနော်။ 

ကိုးကား။      ။ 

သတ္တုတစ်ခုကိုတူးဖော်ကြိုချက်သန့်စင်ယူရသည့် ဆင့်ကဲဆင့်ကဲပုံနည်းကဲ့သို့၊ နိုင်ဇော်၊ မဟေသီမဂ္ဂဇင်း။

ခေတ်လင်းနေ။