မြန်မာ့ရုပ်ရှင် ဖြစ်ပေါ်လာအောင် စွမ်းဆောင်ခဲ့တဲ့ ပထမဆုံး ဖန်တီးရှင်များ

မြန်မာ့ပထမဆုံး ရုပ်ရှင်မင်းသမီးက ဘယ်သူလဲ???

မြန်မာ့ရုပ်ရှင် ဖြစ်ပေါ်လာအောင် စွမ်းဆောင်ခဲ့တဲ့ ပထမဆုံး ဖန်တီးရှင်များ

မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ ပထမဆုံးတီထွင်ဆန်းသစ်ဖန်တီးခဲ့ကြတဲ့ ရုပ်ရှင်အနုပညာရှင် အတက်ပညာရှင်တွေအပါဝင်ရုပ်ရှင်ဇာတ်ကားများနဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်မြန်မာ့ရုပ်ရှင် အမှတ်တရ မှတ်တမ်းများအဖြစ် လေ့လာသိရှိရသ‌လောက် မြန်မာ့ရုပ်ရှင်အစ ပထမ များကို မှတ်သာလေ့လာစရာဗဟုသုတအဖြစ် ဂုဏ်ပြုရေးသားဖော်ထုတ်ပေးရမယ်ဆိုရင် ။

မြန်မာ့ရုပ်ရှင် အစ ပထမများက မြန်မာ့ရုပ်ရှင် ဖြစ်ပေါ်လာရေးအတွက် ၁၉၁၄ ခုနှစ်မှာ ပထမဆုံး စတင်ကြံစည်တီထွင်ခဲ့သူမှာ လန်ဒန်အတ် ဓာတ်ပုံပိုင်ရှင် ဦးအုန်းမောင် ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအတွက် ၁၉၁၉ ခုနှစ်မှာ ပထမဆုံး စတင်ကြံစည်တီထွင်ခဲ့သူမှာ ဆရာဦးအုန်းမောင်နှင့် ဦးမောင်မောင် တို့ဖြစ်ပါတယ်။ ပထမဆုံး မြန်မာရုပ်ရှင်ဇာတ်ကားမှာ ဦးထွန်းရှိန် ရဲ့ ဈပနာအခမ်းအနား သတင်းမှတ်တမ်းရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

ရုပ်ရှင်ဆန်တဲ့ ပထမဆုံး မြန်မာ့ရုပ်ရှင်ဇာတ်ကားရဲ့ ဝတ္ထုကို ၁၉၂၀ ခုနှစ် မှာ နာမည်ကျော်စာရေးဆရာကြီး ပီမိုးနင်းက ရေးသားခဲ့ပြီး ဇာတ်ကားနာမည်မှာ “မေတ္တာနှင့်သူရာ” ဖြစ်ပါတယ်။ ပထမဆုံး မြန်မာ့ရုပ်ရှင်ဇာတ်ညွှန်းကို ၁၉၂၇ ခုနှစ် မှာ ဝန်ထောက်ဦးရွှေဇံအောင် က ရေးသားခဲ့ပြီး ပထမဆုံး ရုပ်ရှင်အတက်ပညာကို သွန်သင်ပြသသူ ရုပ်ရှင်ဒါရိုက်တာမှာ ဦးပု(ခ) ဦးတုတ်ကြီးဖြစ်ပါတယ်။

ပထမဆုံး ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသား နဲ့ မင်းသမီးမှာ ဦးညီပုနှင့် မရီ (ခ) မအေးကြည် ဖြစ်ပြီးပထမဆုံး ရုပ်ရှင်ဇာတ်ရံများမှာ မောင်မောင်ချစ်၊ ဦးပု၊ ဦးပါကြီး၊ ဦးငြိမ်း၊ ဦးမောင်မောင်ကလေး၊ ဦးတင်ဖေ (မောင်မောင်စိုး) တို့ ဖြစ်ကြသလို ပထမဆုံး ရုပ်ရှင်လူရွှင်တော်မှာ ပေါစံကြီး (ဦးဘထွန်း) ဖြစ် ပြီး ပထမဆုံး မြန်မာရုပ်ရှင် ပြသခဲ့တဲ့ ရုပ်ရှင်ရုံ ရဲ့ နာမည်မှာ “စီနီမာဒီပဲရစ်” ဖြစ်ပါတယ်။

ပထမဆုံး နှစ်ကိုယ်ခွဲ ဓာတ်ပုံပညာလှည့်စားချက်နဲ့ ရိုက်တဲ့ဇာတ်ကားနာမည်မှာ “ခင်ခင့် အမှာတော်ပုံ” ဖြစ်ပြီး “တစ်လိမ် နှစ်လိမ်” အသံထွက်ဇာတ်ကားမှာ ပထမဆုံး နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရတဲ့မင်းသားမှာ အေဝမ်းတင်မောင်ဖြစ်သလို ရုပ်ရှင်တစ်ကားထဲမှာ ဇာတ်ရုပ် (၅) မျိုး ပြောင်းလဲ ရိုက်ကူးတဲ့ ပထမဆုံး ပညာရှင်မှာ ၁၉၂၅ ခုနှစ်မှာ ရိုက်ကူးပြသခဲ့တဲ့ “မှိုင်းဝေေ၀” ကားမှ ကာတွန်းဦးဘကလေးဖြစ်ပါတယ်။

ဇာတ်သဘင် ပညာရှင်များ ပါဝင်ရိုက်ကူးတဲ့ ပထမဆုံးဇာတ်ကားမှာ မင်းသားကြီး ဂရိတ်ဦးဖိုးစိန် ပါဝင်သရုပ်ဆောင်ထားတဲ့ “သတ္တဝိဇန” ဇာတ်ကားဖြစ်ပြီး အငြိမ့်မင်းသမီးဘဝမှ ပထမဆုံး ရုပ်ရှင်မင်းသမီးဖြစ်လာသူမှာ ၁၉၂၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “ဥစ္စာစောင့်မကလေး” ဇာတ်ကားထဲမှ မမြညွှန့် ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားအဖြစ် ပထမဆုံး ရိုက်ကူးတဲ့ ပြဇာတ်မှာ “ရတနာသိုက် (မြိုင်)” ဖြစ်ပါတယ်။

ပထမဆုံး ရုပ်ရှင်ဇာတ်ကားတိုနာမည်မှာ “အနှိပ်သည်” ဖြစ်ပြီး ဇာတ်ကားနာမည်တစ်လုံးတည်းရှိတဲ့ ပထမဆုံးဇာတ်ကားနာမည်မှာ ဆွေဗမာဖလင်မှ ၁၉၄၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ” အား ” ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ပထမဆုံး မြန်မာစတန့်ရုပ်ရှင်ဇာတ်ကားမှာ ဗြိတိသျှဘားမားမှ ရိုက်ကူးတဲ့ “တစ်ကိုယ်တော်” ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး ပထမဆုံး ရုပ်ရှင်စတန့်မင်းသားမှာ ကျော်စိုးဖြစ်ပါတယ်။

မြန်မာအမျိုးသမီး ဦးစီးတည်ထောင်သော ပထမဆုံးရုပ်ရှင်ကုမ္ပဏီပိုင်ရှင်မှာ “ရန်ကုန်ရုပ်ရှင် ဒေါ်မမ” ဖြစ် ပြီး ပထမဆုံး အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာမှာ မဟာဒုတ်ရုပ်ရှင်မှ ဒေါ်ခင်ညွှန့်ဖြစ်ပါတယ်။ မီးပုံးပျံစီးပြီး ရိုက်ကူးခဲ့တဲ့ ပထမဆုံးကားမှာ “မြဂနိုင်” ဇာတ်ကားဖြစ်သလို လေယာဉ်ပျံစီးပြီး ပထမဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားမှာ “လူစွမ်းကောင်း” ဖြစ်ပြီး ပထမဆုံး ယ်ပိုင်မော်တော်ကား ဝယ်စီးနိုင်သူ ရုပ်ရှင်မင်းသားမှာ မောင်ဘတင့်ဖြစ်ပါတယ်။

ပထမဆုံးကာတွန်းရုပ်ရှင် စီစဉ်ရေးဆွဲ ရိုက်ကူးသူများမှာ ကာတွန်းဦးဟိန်းစွန်းနှင့် ဇဝန (ဦးသိန်း) တို့ဖြစ်ပြီးပထမဆုံး ကြော်ငြာကာတွန်းကို ၁၉၂၈ ခုနှစ်မှာဦးဘကလေး (ရွှေတလေး)မှ စတင်ရေးဆွဲ ရိုက်ကူးခဲ့သလိုပထမဇာတ်လမ်းကာတွန်းဇာတ်ကားမှာ “မိုက်ခဲဟေ့” ဇာတ်ကားဖြစ်ပြီး ၁၉၃၄ ခုနှစ်မှာဗြိတိသျှဘားမားမှ ကာတွန်းပန်းချီဆရာဦးလှ (ပျဉ်းမနား) က ရိုက်ကူးပြသခဲ့ပါတယ်။

ပထမဆုံး နဲ့ လက်ရှိအချိန်အထိ ရုပ်ရှင်ဒါရိုက်တာ ၅ ဦး ပူးတွဲရိုက်ကူးတဲ့ဇာတ်ကားမှာ ၁၉၆၅ ခုနှစ်မှာရွှေနှင့်မြရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးတဲ့ “ဘာလိုလို” ဇာတ်ကားဖြစ်ပြီး ရန်ကုန်မြို့မှာ ရုံဝင်ငွေ ၅ သိန်းရတဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားမှာ ၁၉၅၇ ခုနှစ်မှာပြသခဲ့တဲ့ မန္တလေးရုပ်ရှင်ရဲ့ “ဘဝသံသရာ” ဇာတ်ကားဖြစ်ပါတယ်။

ပထမဆုံး ရုပ်ရှင်မဂ္ဂဇင်းအမည်မှာ ၁၉၂၇ ခုနှစ်ကထုတ်ဝေတဲ့ “ရုပ်ရှင်ပညာမဂ္ဂဇင်း” ဖြစ်ပြီးပထမဆုံး ရုပ်ရှင်ပညာစာအုပ်မှာ ၁၉၂၈ ခုနှစ်ကဦးမောင်မောင်ရေးတဲ့ “ရုပ်ရှင်ပညာ” စာအုပ်ဖြစ်ပါတယ်။ ပထမဆုံး ရုပ်ရှင်အသင်းကို တော့ ၁၉၃၅ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

အခုဖော်ပြခဲ့တာတွေကတော့ မြန်မာ့ရုပ်ရှင်သမိုင်းတစ်လျှောက် ပထမဆုံး ဖန်တီးခဲ့ကြတဲ့ ရုပ်ရှင်အနုပညာရှင် အတက်ပညာရှင်များနဲ့ ရုပ်ရှင်ဇာတ်ကားများကို ဗဟုသုတသိမှတ်ဖွယ်ရာ မြန်မာ့ရုပ်ရှင် နဲ့ ပထမဆုံးဖန်တီးသူတို့အကြောင်း တစ်စေ့တစ်စောင်းကိုရွေးချယ်ထုတ်နှုတ်ဖော်ပြခဲ့တာဖြစ်ပြီး နောက်ထပ်ကျန်ရှိနေသေးတဲ့ မြန်မာ့ရုပ်ရှင်နဲ့ ပထမ ဖန်တီးသူတို့အကြောင်းကို ဆက်လက်ဖော်ပြပေးသွားဦးမှာဖြစ်တာကြောင့် ဆက်လက်စောင့်မျှော်ဖတ်ရှုအားပေးကြပါဦးနော် ။