နာမည်ကြီးတေးသီချင်းတွေ ရဲ့ ပိုင်ရှင် တေးရေးဆရာ ကေအေတီ ရဲ့ ဘဝအကြောင်း

ကေအေတီ ရဲ့ ဖန်တီးမှု့လက်ရာတွေက အခုချိန်ထိမရိုးနိုင် နားထောင်ကောင်းနေဆဲ...

နာမည်ကြီးတေးသီချင်းတွေ ရဲ့ ပိုင်ရှင် တေးရေးဆရာ ကေအေတီ ရဲ့ ဘဝအကြောင်း

ဂီတဝါသနာရှင်များကို မြေတောင်မြှောက်ပေးခဲ့တဲ့အပြင် သူဖန်တီးပေးလိုက်တဲ့တေးသီချင်းတွေကြောင့် အောင်မြင်သွားခဲ့တဲ့ အဆိုတော်များ လက်ညှိုးထိုးမလွဲအောင် များပြားလွန်းခဲ့တဲ့  နာမည်ကြီးတေးသီချင်းတွေရဲ့ ဖန်တီးရှင် တေးရေးဆရာ ကေအေတီ ရဲ့ ဘဝအကြောင်း နဲ့အတူ လျှောက်လှမ်းခဲ့တဲ့ ဂီတခရီးလမ်းအပြည့်အစုံကို သီချင်းချစ်သူပရိသတ်ကြီးအတွက် တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ 

တေးရေးဆရာ ကေအေတီ ကိုတော့ ဖခင် ဦးသိန်းမြင့်၊ မိခင် ဒေါ်လှရွှေ တို့မှ ၁၉၆၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ ဂျင်(မ)ခါနာဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ ဖခင် ဦးသိန်းမြင့် မှ သားဦးရတနာအား အခက်အခဲများစွာကို "ကျော်"လွှားနိုင်ပြီး၊ အရာရာတိုင်းကို "ကျော်"ကြား၊ " အောင်မြင်ရမယ် ဆိုတဲ့ စိတ်ဓာတ်တွေ၊ သတ္တိတွေရှိစေဖို့ "ကျော်ကျော်အောင်" လို့ နာမည်ပေးခဲ့ပါတယ်။ မွေးချင်းလေးယောက်အနက် အကြီးဆုံးသားဖြစ်ပါတယ်။ မိဘနှစ်ပါးမှာ ‌မော်လမြိုင်ဇာတိဖြစ်ပြီး မိခင်က မွန်လူမျိုးစစ်စစ်ဖြစ်ပါတယ်။ ရန်ကုန်မှာမွေးခဲ့ပေမယ့် တစ်နှစ်ခွဲအရွယ်လောက်မှာ မိဘတွေရဲ့ဇာတိဖြစ်တဲ့ မော်လမြိုင်မြို့မှာနေထိုင်ခဲ့ပြီး မုံရွာမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ မုံရွာမြို့၊ ရုံးကြီးရပ် ရေကန်ကျောင်းမှာ မူလတန်းကို ဆက်လက်သင်ကြားခဲ့ပါတယ်။ 

ကေအေတီ လေးတန်းအရွယ်လောက်မှာ သက်ငယ်တန်းကနေ ပန်းချီပြိုင်ပွဲဝင်ခဲ့ပြီး မထင်မှတ်ပဲ ဆုရရှိခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ပန်းချီအနုပညာကို ရူးသွပ်ခဲ့ကာ နွေရာသီကျောင်းပိတ်ရက်တိုင်း " ချင်းတွင်းရေကြည်" ပန်းချီသင်တန်းမှာ နှစ်စဥ်တတ်ရောက်ခဲ့ပြီး ပန်းချီပညာအား အခြေခံကနေ တစ်စိုက်မတ်မတ် လေ့လာသင်ယူခဲ့ပါတယ်။ ဒီလိုနဲ့ အလယ်တန်း၊အထက်တန်း ကိုတော့ မုံရွာမြို့၊ အမှတ်(၃)မှာ ပညာဆက်လက်သင်ကြားခဲ့ပါတယ်။ အနုပညာဆိုတာ သိမ့်မွေ့နက်နဲသလို နယ်ပယ်တစ်ခုနဲ့တစ်ခု ဆက်နွယ်မှု့တွေရှိနေတတ်ပါတယ် ... မူလတန်းကနေ ပန်းချီအနုပညာကို စွဲလန်းရူးသွပ်နေတဲ့ ၆ တန်း ၇တန်းအရွယ် ကျောင်းသားလေးဟာ မနက်တိုင်းသီချင်းတွေဖွင့်တတ်တဲ့ ဘေးအိမ်ရဲ့ကက်ဆက်သံကနေ ပျံ့လွှင့်လာတဲ့သီချင်းတွေကိုကြားမိကာ မသိစိတ်ထဲကနေ သဘောကျနှစ်သက်ခဲ့ပြီး ဂီတာလမ်းကြောင်းပေါ်ရောက်ဖို့ အစပြုလာခဲ့ပါတယ်။ အဲ့လိုနဲ့ပဲ အသက် ၁၁ နှစ်အရွယ်၊ (၆)တန်းကျောင်းသားလေးဟာ အိမ်ကမသိအောင် ဂစ်တာတီးခိုးသင်ခဲ့ပါတယ်။ ၈ တန်းကျောင်းသားအရွယ်မှာတော့ ဂစ်တာတီးတတ်နေပြီဖြစ်သလို စာအုပ်တွေလည်း အများကြီးဖတ်နေခဲ့ပါပြီ။  

မုံရွာမြို့က နာမည်ကြီး "တောတန်းအိုင်လ္ဘက်ရည်ဆိုင်"ဟာ နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ အစရှိတဲ့ အနုပညာရှင်တွေ အများဆုံးထိုင်လေ့ရှိကြပါတယ်။  ညဘက်ကျမှသာဖွင့်တဲ့ဆိုင်ဖြစ်ပြီး ပေါ်ပြူလာဖြစ်တဲ့ သီချင်းတွေထက် အနုပညာဆန်တဲ့သီချင်းတွေကိုသာ ဖွင့်တဲ့အပြင် ဆိုင်ပိုင်ရှင်ကလည်း စာအုပ်တွေကိုတန်ဖိုးထား စုဆောင်းတတ်တဲ့ စာပေသမားတစ်ဦးဖြစ်ပါတယ်။ သူ့နာမည်ကတော့ " ကိုသန်းထွန်း" ပါ၊ နိုင်ငံကျော်တေးရေးဆရာ "ကေအေတီ" ရဲ့ ငယ်စဥ်ဘဝက သင်ဆရာ၊ မြင်ဆရာ ဆိုရင်လည်းမမှားပါဘူး။ ကေအေတီ ဟာ တောတန်းအိုင်လက်ဖက်ရည်ဆိုင် မှာ နေ့စဥ်ထိုင်ရင်း ကြည်အောင်၊ ဒဂုန်တာရာ၊ တင်မိုး၊ ကြည်အေး အစရှိတဲ့ ကဗျာဆရာကြီးတွေရဲ့ ကဗျာတွေကို ဖတ်ခွင့်ရခဲ့ပြီး ဆိုင်ရှင် ကိုသန်းထွန်း ထံမှ စာပေ၊ ကဗျာနဲ့ပတ်သက်တာတွေကို လေ့လာဆည်းပူးခွင့်ရခဲ့ပါတယ်။ 

ဆယ်တန်းကျောင်းသားဘဝမှာ  ဂစ်တာတီးလိုက်၊ ကဗျာစပ်လိုက် နဲ့ စာမေးပွဲကျခဲ့ပေမယ့် ဆယ်တန်း ဒုတိယနှစ် မှာတော့ ကျောင်းစာကို မပျက်မကွက်သင်ယူရင်း "မောင်မောင်လွမ်းအောင်" ကလောင်အမည် နဲ့ ကဗျာတွေ စတင်ရေးသားခဲ့ပြီး "ရုပ်ရှင်အောင်လံမဂ္ဂဇင်း" မှာ ကေအေတီ ရဲ့ ကဗျာတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။  ထို့နောက် ၁၉၈၂ ခုနှစ်မှာ ဆယ်တန်းစာမေးပွဲ အောင်မြင်ခဲ့ပါတယ်။ တက္ကသိုလ်မတက်ခင်မှာ “လွမ်းကြောင်းပြောပေးပါ”ဆိုတဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတစ်ပုဒ် ထွက်ရှိခဲ့ပါသေးတယ်။ ပထမနှစ် နဲ့ ဒုတိယနှစ်ကို မုံရွာကောလိပ်မှာ တတ်ရောက်သင်ကြားရင်း ကျော်အောင်သစ် ဆိုတဲ့ ကလောင်နာမည်နဲ့ မုံရွာကောလိပ်မဂ္ဂဇင်းမှာ ကဗျာတွေဆက်လက်ရေးသားခဲ့ကာ ၁၉၈၅ ခုနှစ် တတိယနှစ်မှာ မန္တလေးတက္ကသိုလ်ကို ပြောင်းရွှေ့တတ်ရောက်ခဲ့ရတော့လည်း မန္တလေးတက္ကသိုလ်မဂ္ဂဇင်းမှာ လူ့ဝန် (မန်းသတ္တ) ဆိုတဲ့ ကလောင်နာမည်နဲ့ ကဗျာတွေရေးခဲ့ပြန်ပါတယ်။ သတ္တဗေဒဘာသာအဓိကယူထားတဲ့ ကေအေတီ ဟာ တတိယနှစ်မှာ ဇေယျာဆောင်၊ တက္ကသိုလ်နောက်ဆုံးနှစ်မှာ ‌ရွှေပြည်အေးဆောင်မှာ နေထိုင်ခဲ့ပါတယ်။ 

တက္ကသိုလ်နောက်ဆုံးနှစ်မှာ မြို့နယ်ပေါင်းစုံက တေးရေးဝါသနာပါတဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့  သီချင်းတွေကို လိုက်လံဝယ်ယူနေတဲ့ ရန်ကုန်က အဆိုတော်တစ်ယောက်က ကေအေတီ ရဲ့ ကိုယ်ပိုင်သံစဥ်သီချင်းတစ်ပုဒ်ကို အနုပညာကြေး ၂၀၀ ကျပ်နဲ့ ဝယ်ယူသွားခဲ့ပါတယ်။ Final ကျောင်းသားအရွယ် ပထမဆုံး ရရှိခဲ့တဲ့ အနုပညာကြေးဖြစ်ခဲ့တဲ့အပြင် ဂီတလမ်းလျှောက်အစလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့သီချင်းကို ဝယ်ယူသွားတဲ့ အဆိုတော် ဟာ အခွေမထုတ်ဖြစ်ခဲ့ဘဲ နိုင်ငံခြားသင်္ဘောလိုက်သွားခဲ့ပါတယ်။ 

၁၉၈၇ ခုနှစ်မှာဘွဲ့ရရှိခဲ့တဲ့ ကေအေတီ ဟာ မုံရွာမြို့ကို ပြန်ရောက်တဲ့အချိန်မှာ သီချင်းတွေဆက်ရေးခဲ့ပါတယ်။ အဲ့ဒီနောက် မုံရွာဇာတိဖြစ်တဲ့ နာမည်ကြီးအဆိုတော် သျှိုင်းအောင် ရဲ့  တတိယမြောက်စီးရီး "သဇင်မင်း" အခွေထဲမှာ တေးရေး ကျော်အောင်သစ် နာမည်နဲ့"အားနည်းချက်နဲ့လူ" သီချင်းလေးပါဝင်ခဲ့ပါတယ်။  ပရော်ဖက်ရှင်နယ်ဆန်ဆန်ရေးသားထားတဲ့ သီချင်းလေးဖြစ်ပေမည့် လူသိပ်မသိခဲ့ပါဘူး။  မန္တလေးတက္ကသိုလ်မှာ ကျောင်းတတ်နေစဥ်ကာလတွေမှာ စီနီယာကျောင်းသားဖြစ်တဲ့ စိုင်းဝင်းဦး ထံမှ ဂစ်တာတီးသင်ရင်း လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်း အစရှိတဲ့ အနုပညာကိုရူးသွပ်ကြတဲ့ အပေါင်းအသင်းတွေနဲ့ ဆုံဆည်းခဲ့ရင်း ခင်မင်ရတဲ့ဂီတညီအစ်ကိုတွေ ဖြစ်ခဲ့ကြပါတယ်။ 

လေးဖြူ မုံရွာမြို့ရှိ ကေအေတီ ရဲ့ နေအိမ်မှာလာရောက်နေထိုင်ကာလတွေမှာ သူတို့နှစ်ဦးဟာ သီချင်းအတူစပ်၊ ဂစ်တာအတူတီးရင်း ဝါသနာတူသူငယ်ချင်းတွေဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုခင်မင်ခဲ့ကြတဲ့အပြင် တစ်ချိန်မှာ နာမည်ကြီးတေးသီချင်းတွေဖြစ်လာမည့် သီချင်းတွေကိုရေးသားခဲ့ပါတယ်။ ထို့‌နောက် လေးဖြူ နဲ့အတူ ဖန်တီးထားတဲ့သီချင်းတွေကိုပိုက်ပြီး ရန်ကုန်ကို ချီတတ်လာခဲ့ပါတော့တယ်။ 

၁၉၉၂ ခုနှစ်မှာ စောဘွဲ့မှူး ရဲ့ Iron Cross Music Band နဲ့ Lynn Studio မှာ " ကန္တာရလမင်း " အခွေကိုအသက်သွင်းခဲ့ပါတယ်။ အဲ့အခွေထဲမှာ ကေအေတီ ဟာ ကော်ပီသီချင်း ၇ ပုဒ် ရေးသားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ "ကန္တာရလမင်း" တေးစီးရီးဟာ တစ်ခွေလုံးနီးပါးပေါက်ခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာထိ အောင်မြင်ခဲ့ပြီး ကေအေတီ၊ သော်ဒီဝေ၊ နိုင်းနိုင်၊ အငဲ အစရှိတဲ့ တေးရေးဆရာများကို သတိထားမိလာခဲ့တဲ့အပြင် ညရဲ့ဆူး၊ဒဏ်ရာ၊မုန်းလိုက် အစရှိသည့် သီချင်းများရဲ့ ဖန်တီးသူ ကေအေတီ ကိုလည်း သီချင်းနားထောင်သူ လူငယ်များသတိထားမိလာကြပါတယ်။ "လေးဖြူ" နာမည်ကြီးခြင်းနဲ့အတူ တေးရေး "ကေအေတီ" ရယ်လို့  လူသိများကျော်ကြားခဲ့ပါတယ်။ ကေအေတီ ဟာ ရန်ကုန်မှာ သီချင်းရေးဆရာအဖြစ် အောင်မြင်နေချိန်မှာ မုံရွာမြို့က အနုပညာလမ်းကြောင်းပေါ်ရောက်အောင် တင်ပေးခဲ့တဲ့ သူ့ရဲ့ဆရာ ကိုသန်းထွန်း ကို “ဧကစာမီးခိုးများ” ကဗျာစာအုပ်ကလေးကို ထုတ်ပေးခဲ့ပါတယ်။ ကျေးဇူးတရားမမေ့တတ်တဲ့ ကေအေတီ ရဲ့ စိတ်ထားလေးဟာလည်း အတုယူဖွယ်ပင် ဖြစ်ပါတယ်။ 

ကေအေတီ ဟာ ချစ်သူများနေ့ ကို မြန်မာပြည်နဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့ တေးရေးဆရာတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၉၆ ခုနှစ်မှာ ပထမဆုံး ကိုယ်တိုင်မူပိုင်စီစဥ်ခဲ့တဲ့ တို့ရဲ့ချစ်သူများနေ့ အယ်ဘမ် ၊ ၁၉၉၇ ခုနှစ်မှာ စောင့်နေတဲ့ချစ်သူများ၊ ၁၉၉၈ ခုနှစ်မှာ ချစ်သူတွေရေးတဲ့မှတ်တမ်း ၊ ၁၉၉၉ ခုနှစ်မှာ မဒီ နှင့် ဆုံမှတ်များ အစရှိတဲ့ ချစ်သူများနေ့အမှတ်တရ စုံတွဲတေးအယ်ဘမ်လ်များကို ထုတ်ဝေခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ အချစ်သီချင်းများဖြစ်ခဲ့တဲ့အပြင် ဗယ်လင်တိုင်းဒေး ဟာလည်း မြန်မာပြည်မှာ ခေတ်စားလာခဲ့ပါတယ်။ အချစ်ဘုရင်ကြီး ကေအေတီ ရဲ့ စီစဥ်ခဲ့သမျှ ချစ်သူများနေ့ အမှတ်တရအခွေတွေထဲမှာ လူကြိုက်အများဆုံးသီချင်းများကတော့ အငဲ ရေးစပ်ထားတဲ့ ဟန်ထွန်း နဲ့ မဒီ ရဲ့ "လမ်းခွဲစကား" ၊ ကေအေဒီ ရဲ့ ဖန်တီးမှု့လက်ရာသီချင်းများဖြစ်တဲ့  "တည်ရှိခြင်းအကြောင်း၊ စိတ်ကူးလမင်းသီချင်း၊ ရင်ခွင်ပျောက်သူ၊ ဆန္ဒတစ်စုံ၊ လွဲနေတဲ့ဆုံမှတ်များ" အစရှိတဲ့ အချစ်သီချင်းများဟာ လက်ရှိအချိန်ထိတိုင် ချစ်သူစုံတွဲတွေအတွက် ရင်ခုန်သံအမြဲတမ်း လက်ဆတ်နေစေမည့် သီချင်းများပဲ ဖြစ်ပါတယ်။ အဆိုပါ ချစ်သူများနေ့ အယ်ဘမ်တွေထဲမှာ ကေအေတီ ရေးသားထားတဲ့သီချင်းအများအပြားပါဝင်ခဲ့ပါပြီး အဆိုတော် "မဒီ" သီဆိုထားတဲ့ သီချင်းအပုဒ်ရေများစွာပါရှိပါတယ်။ 

မိုးရာသီသီချင်းလေးဖြစ်တဲ့ ကေအေတီနဲ့ အာရ်ခိုင် တို့ရေးစပ်ပေးထားကာ တေးသံရှင် မဒီ သီဆိုထားတဲ့ ရွာသာရွာပါမိုး သီချင်းလေးကိုတော့ အားလုံးပဲသိကြမှာပါ။ မြန်မာအိုင်ဒေါမှာ ချမ်းမြေ့မောင်ချို က အဲ့ဒီသီချင်းလေးနဲ့ ပြိုင်ပွဲဝင်ခဲ့ပြီး Voting တွေ အများကြီးရရှိခဲ့ပါသေးတယ်။ CHORUS အပိုဒ်အရောက်မှာ "ရွာသာရွာပါမိုး ...ဒီးတာဒီး ဒီးတာဒီး ဒီးတာဒီးတာဒီးတာဒီးတာ ဒီးတာတီး" ဆိုတာလေးက  နားထောင်သူရဲ့ စိတ်ကို လန်းဆန်းစေတဲ့အပြင် လက်ရှိအချိန်ထိ မိုးရာသီရောက်တိုင်း နားထောင်ရတာရိုးမသွားတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကေအေတီ ရေးသားထားတဲ့သီချင်းတွေထဲမှာ အဆိုတော် လေးဖြူ အသံပါဝါကောင်းကောင်းနဲ့ သီဆိုထားတဲ့ "တစ်ကိုယ်ရေလွမ်းဆွတ်မှု့" သီချင်းလေးဟာ သူ့ရဲ့ငယ်ဘဝအမှတ်တရတွေကို သံစဥ်စာသားတွေနဲ့ ပုံဖော်ထားတဲ့ သီချင်းလေးဟာလည်း ပရိသတ်တွေကြား ရေပန်းစားအောင်မြင်ခဲ့ပါတယ်။  

အချစ်သီချင်းများစွာကိုဖန်တီးခဲ့တဲ့ ကေအတီ ဟာ ချစ်ရသူနဲ့လမ်းခွဲပြီးနောက် အသည်းကွဲသီချင်းများ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ကေအေတီ ရေးသားထားပြီး  မျိုးကြီး ရဲ့ “လွမ်းတဲ့စိတ်” ဆိုတဲ့ အသည်းကွဲသီချင်းဟာ အထူးကျော်ကြားခဲ့ပါတယ်။ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ အာဇာနည်၊ ဇော်ပိုင်၊ ထွဏ်းထွဏ်း စတဲ့ထိပ်တန်းအဆိုတော်တွေအပြင် အဆိုတော်တော်တော်များဟာလည်း ကေအေတီ ကျောင်းထွက်ချည်းပါပဲ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အောင်မြင်ခဲ့တဲ့ ဇော်ပိုင် ရဲ့ " မင်းနဲ့မှချစ်တတ်ပြီ"၊ ပရိသတ်ပိုသိသွားခဲ့တဲ့ မျိုးကြီး ရဲ့  " ဒီကစောင့်နေသူ"၊ ဟန်ထွန်း ရဲ့ "ရင်ခုန်ဘက်သို့တမ်းချင်း"၊ ကောင်းမြတ် ရဲ့ " ချစ်ခွင့်ရချင်ပြီ" အစရှိတဲ့သီချင်းတွေဟာ ကေအေတီ ဖန်တီးရေးစပ်ထားတဲ့ တေးသီချင်းတွေပဲ ဖြစ်ပါတယ်။ 

တေးသီချင်းတွေကို အသက်သွင်းပုံဖော်ခဲ့သူ ကေအေတီ ဟာ ကိုဗဒင် ကိုချီးမွမ်းတမ်းတအလွမ်းသယ်ကြမည့် Tribute ပွဲလေးမှာ ဂျင်းဝမ်းဆက်ကိုဝတ်ဆင်ကာ ဟော်လိုဂစ်တာတီးခတ်ပြီး သီချင်း ၂ ပုဒ် သီဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် သမင်လည်ပြန် Live Show မှာ ဝိုင်ဝိုင်း နဲ့အတူ "ဝဋ်ကြွေး" သီချင်းကိုသီဆိုခဲ့ပြီး  Melody World ရဲ့ Living Songs အစီစဉ်မှာ "စည်းတစ်ဖက်ခြား" သီချင်းကို Rဇာနည် နဲ့အတူတွဲဖက်သီဆိုခဲ့ပါတယ်။ တေးရေးဆရာ ကေအေတီ ဟာ ပြည်တွင်းမှာဆိုရင် တေးရေး စိုင်းခမ်းလိတ်၊ အဆိုတော် စိုင်းထီးဆိုင်၊ စာရေးဆရာ မြသန်းတင့် တို့ကို ကြိုက်နှစ်သက်ပြီး ပြည်ပမှာဆိုရင် U2 အဖွဲ့ရဲ့ပင်တိုင်အဆိုတော် Bono၊ နာမည်ကြီး Rock အဆိုတော် Richie Blackmore ၊ ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် Tom Hank တို့ကို အားပေးတဲ့ပရိသတ်တစ်ဦးဖြစ်ပါတယ်။ ဒါအပြင် အာဆင်နယ်ဘောလုံးအသင်း ရဲ့ အမာခံ ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။ 

တေးရေးဆရာ ကေအေတီ ဟာ တေးရေးဆရာ မြင့်မိုးအောင် နဲ့အတူ တေးရေးဆရာများသမဂ္ဂ (M.C.L.C) မှာ ပါဝင်ခဲ့ပြီး အဆိုဝါသနာရှင်လေးတွေကို မြေတောက်မြှောက်ပေးလိုတဲ့ ဆန္ဒရှိတာကြောင့် ၂၀၀၆ ခုနှစ်မှာ Melody World တေးဂီတ အဆိုပြိုင်ပွဲအတွက် အကဲဖြတ်ဒိုင် အဖြစ် စတင်ပါဝင်ခဲ့တဲ့အပြင် Melody World တေးစီးရီးတွေ အတွက်လည်း တေးသီချင်းတွေ ရေးဖွဲ့ပေးခဲ့သူ ဖြစ်ပါတယ်။ ချစ်စနိုး နဲ့ ဦးလေး လို့  တပည့်တွေကခေါ်ကြတဲ့ တေးရေးဆရာ ကေအေတီ ကတော့ ပြိုင်ပွဲဝင်​တွေအတွက်အမြဲအချိန်​ပေး​ကာ  ဂီတနဲ့ပတ်သက်တဲ့ပညာတွေကို စေတနာအပြည့်နဲ့ သင်ကြား​ပေးခဲ့ပါတယ်။ သူလေ့ကျင့်သင်ကြားပေးလိုက်တဲ့ ကြယ်ပွင့်လေးတွေဟာ လက်ရှိအချိန်မှာ ပရိသတ်အားပေးချစ်ခင်မှု့ကိုရရှိထားကြတဲ့ ဂီတအနုပညာရှင်တွေအဖြစ် အစွမ်းကုန်လင်းလက်တောက်ပနေကြတာကို တွေ့ရမှာပါ။ 

ဂီတခရီးလမ်းကို အတူတကွလျှောက်လှမ်းခဲ့တဲ့ သူငယ်ချင်းညီအစ်ကိုတွေဖြစ်ကြတဲ့ ကေအေတီ နဲ့ လေးဖြူ ဟာ မူပိုင်ခွင့်ကိစ္စနဲ့ပတ်သက်ပြီး ပဋိပက္ခတွေရှိခဲ့တာကြောင့် လက်တွဲဖြုတ်ခဲ့တဲ့ကြောင်း ကောလဟလသတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ 

ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်တော်လေး ၈၇ လမ်း၊ အမှတ်-၄၄၊ လေးလွှာမှာ နေထိုင်တဲ့ မုံရွာမြို့ဇာတိ ၊ တေးရေးဆရာ ကေအေတီ ဟာ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့၊ ညနေ ၃ နာရီအချိန်တွင် နှလုံးရောဂါနဲ့ ရှင်စောပုဆေးရုံမှာ ကွယ်လွန်ခဲ့ပြီး ရေဝေးသုသာန်မှာ သင်္ဂြိုလ်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး ချစ်ဇနီးလေး မချမ်းအိမွန် နဲ့ လက်ထပ်ထားတာ ၆ လပဲရှိပါသေးတယ်။ မကွယ်လွန်ခင်က ကေအေတီ ဟာ နှလုံးမှာပြွန်တချောင်း အစားထိုး ကုသခဲ့ရဖူးသူဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက နှလုံးရောဂါဝေဒနာ ခံစားနေရသူဖြစ်ပါတယ်။ Heart Attack နှစ်ကြိမ်ရရှိခဲ့ပြီး SSC ဆေးရုံမှာ တက်ရောက်ကုသခဲ့ပြီး တတိယအကြိမ်မှာတော့ ဆေးရုံမမှီဘဲ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်။ ကွမ်းသီးရာက အစပြုပြီး နှလုံးအမောဖောက် ကွယ်လွန်ခဲ့တဲ့ နာမည်ကြီး တေးရေးဆရာ ကေ‌အေတီ ရဲ့စျာပနခရီးကို အဆိုတော် လေးဖြူ အပါအဝင် တခြားနာမည်ကြီးအဆိုတော်များ နဲ့ Melody World က ကေအေတီရဲ့ တပည့်တွေနဲ့ ပရိသတ်တွေ ခန်းမအပြည့်အလျှံ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ 

မြန်မာ့ဂီတလောကမှာ အသည်းကွဲသီချင်းတွေ၊ အလွမ်းအဆွေးသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲကို ရောက်ရှိခဲ့တဲ့ ကဗျာဆရာ ကျော်အောင်သစ် တစ်ဖြစ်လဲ တေးရေးဆရာ ကေအေတီ ( KAT) ဖန်တီးခဲ့တဲ့သီချင်းလေးတွေဟာ နားဆင်သူပရိသတ်တွေရဲ့ ရင်ထဲမှာ လက်ရှိအချိန်ထိတိုင် စွဲထင်ကျန်ရစ်နေဆဲဖြစ်ပြီးတော့ နှလုံးအိမ်ထဲမှာ ဆက်လက်တွယ်ငြိနေအုန်းမှာ အသေအချာပါပဲနော် ။