အရွယ်တင်နုပျိုတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူ မင်းသမီး ခိုင်သင်းကြည် ရဲ့ ဘဝအကြောင်း

မပွတ်ကျွတ် လို့ ချစ်စနိုးခေါ်ကြတဲ့ မခိုင်...။

အရွယ်တင်နုပျိုတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူ မင်းသမီး ခိုင်သင်းကြည် ရဲ့ ဘဝအကြောင်း

ခိုင်သင်းကြည် ကိုတော့ ၁၉၇၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ အဖ ဒုတိယဗိုလ်မှူးကြီး ဦးမောင်မောင်၊ အမိ ‌ဒေါ်ဝါဝါစိုးတို့မှ ရန်ကုန်မြို့၊ အမှတ်(၂) စစ်ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းကလည်း ခိုင်သင်းကြည်ပဲဖြစ်ပါတယ်။ သူမဟာ ရန်ကုန်တက္ကသိုလ်မှကျောင်းသူတစ်ဦးဖြစ်ပြီး Bsc.Chem ဘွဲ့ရတစ်ဦးဖြစ်ပါတယ်။ ခင်မင်ရင်းနှီးသူတွေကတော့ သူမကို မခိုင်လို့ခေါ်ကြပါတယ်။

သူမဟာ ဆယ်စုနှစ် တစ်စုကျော် ယနေ့အချိန်အထိ ပရိသတ်အားပေး့ အခိုင်အမာ ရရှိနေဆဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ လက်ရှိအချိန်မှာလည်း ရုပ်ရှင်ကားကြီးတွေကို လက်ခံရိုက်ကူးနေရဆဲ ဖြစ်ပါတယ်။ အနုပညာလောကထဲ ဝင်ရောက်စမှာတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။ အနုပညာလောကထဲကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတဲ့ မိုးယံသို့လွင့်ပျံစေမယ့် ကေသရာဇာတို့၏အားမာန် ဇာတ်ကားနဲ့ စတင်ဝင်ရောက်ခဲ့ပါတယ်။ ရုပ်ရှင်နဲ့ဗီဒီယိုကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးခဲ့ပါတယ်။

ရုပ်ရှင်လောကထဲမှာ အချိန်အတော်ကြာ ရပ်တည်ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာတော့ စုန်းပြူးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၄ ခုနှစ်မှာတော့ ကောင်းကျိုးကိုယ်၌တည်စေမင်းဆိုတဲ့ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ သူမပါဝင်ခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် တစ်ကားထဲမှာပဲ အကယ်ဒမီ လေးခုအထိ ရရှိခဲ့တဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ အိချောပိုတို့နဲ့အတူ အခြားသရုပ်ဆောင်များစွာ ပါဝင်ခဲ့ပါတယ်။

သူမဟာ ၂၀၀၂ ခုနှစ်မှာ ကိုခန့်နိုင်နဲ့ လက်ထပ်ပြီး စံထိပ်ထားဦး လို့ခေါ်တဲ့ သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ ဆွဲဆောင်မှုရှိပြီး လှပကျော့ရှင်းတဲ့ အလှတရားတွေနဲ့ ရုပ်ရှင်နယ်ပယ်မှာ ယနေ့အချိန်အထိ အောင်မြင်မှုတွေကို ထိန်းထားဆဲဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာ ရရှိထားရုံသာမကဘဲ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ အလုပ်တွေမအားလပ်ပေမယ့်လည်း သမီးဖြစ်သူကို လိမ္မာရေးခြားရှိအောင် အမြဲသွန်သင်ဆုံးမတတ်တဲ့ မိခင်ကောင်းတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။