ပရိသတ်တွေကို ဟာသတွေနဲ့ဘဝအမောပြေစေခဲ့သူ စာရေးဆရာ အကြည်တော် (ခ) စောကြည်ဖြူ ရဲ့ ဘဝအကြောင်း

စာပေလောက ရဲ့ တန်ဖိုးရှိတဲ့ကြယ်ပွင့်ကြီးပါ...။

ပရိသတ်တွေကို ဟာသတွေနဲ့ဘဝအမောပြေစေခဲ့သူ စာရေးဆရာ အကြည်တော် (ခ) စောကြည်ဖြူ ရဲ့ ဘဝအကြောင်း

ဟာသဝတ္ထုပေါင်းများစွာကို ရေးသားခဲ့ပြီး ပရိသတ်တွေကို ဘဝအမောပြေစေခဲ့တဲ့ စာရေးဆရာ အကြည်တော် ရဲ့ဘဝအကြောင်းကို လေ့လာမိသလောက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ စာရေးဆရာ အကြည်တော် ကို ဖခင် ဦးထွန်းနိုင်၊ မိခင် ဒေါ်ယုနွယ်တို့မှ ဖေဖော်ဝါရီလ ၂၂ ရက် ၁၉၇၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကရင်လူမျိုးတစ်ဦးဖြစ်ပါတယ်။ မွေးချင်း ၇ ယောက်ရှိတဲ့အနက် ခြောက်ယောက်မြောက်သားရတနာဖြစ်ပြီး နာမည်အရင်းကတော့ စောကြည်ဖြူ ဖြစ်ပါတယ်။

အတန်းပညာကတော့ ငယ်စဥ်ကတည်းက ပညာရေးမှာအားနည်းခဲ့တာကြောင့် ၈ တန်းသုံးခါဖြေခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၈ တန်းကို မအောင်မြင်ခဲ့ပေမယ့် အရမ်းကိုအောင်မြင် ကျော်ကြားနာမည်ကြီးတဲ့ စာရေးဆရာကြီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဆရာ အကြည်တော် ဟာ သင်္ချာဘာသာရပ်မှာ အားနည်းပြီးတော့ ၅တန်းလောက်က စာမေးပွဲမှာ ၂ မှတ်ပဲရခဲ့ကြောင်းကို စာပေဟောပြောပွဲတွေတိုင်းမှာ အရွှန်းဖောက်ပြီးပြောပြတတ်ပါတယ်။ ဒါအပြင် အတန်းပညာမှာအားနည်းခဲ့ပေမယ့် ဝါသနာပါရာကို ထူးချွန်အောင်ကြိုးစားအားထုတ်ခဲ့လို့ နာမည်ကြီးစာရေးဆရာတစ်ယောက် ဖြစ်လာကြောင်းကိုလည်း ပရိသတ်တွေလေ့လာအတုယူနိုင်ဖို့ အမြဲတမ်းထည့်သွင်း ဟောပြောတတ်ပါသေးတယ်။ ထို့နောက် စာရေးဆရာ အကြည်တော် ဟာ မြန်မာပြည်အနှံ့စာပေဟောပြောပွဲတွေ လိုက်လံဟောပြောခဲ့ပြီး သူသိထားတဲ့အသိပညာတွေကို ပြန်လည်မျှဝေခဲ့ပါတယ်။

ဆရာ အကြည်တော် ဟာ ၁၉၈၈ ခုနှစ်မှာ "ကိုကိုကြီး"ဆိုတဲ့ ကလောင်နာမည်နဲ့ စာပေလောကကို စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ အကြည်တော်နာမည်နဲ့ လုံးချင်းဝတ္ထုများကို စတင်ရေးသားခဲ့ပါတယ်။အကြည်တော် ဟာ လုံးချင်းဝတ္တုပေါင်း ၁၀၀ကျော်ထွက်ရှိခဲ့ပြီး ရုပ်ရှင်အဖြစ်ပြန်လည် အသက်သွင်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရှိခဲ့ပါတယ်။ သူရေးသားခဲ့တဲ့ ဝတ္ထုတွေထဲက ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် ၊ကဝေပျို၏ နိဒါန်း၊ခြူဆီ၊ဆွေတစ်ရာ မောင်တစ်ကျိပ်၊ဇော်က ကနေသည်၊နေတစ်ခြမ်း လတစ်ခြမ်း၊ ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း၊ ရွှေမိုးသည်း၊ ပြုံးရွှင်ရေ ပျော်ရဲ့လား (ပြုံးရွှင်သည် ငိုတတ်သည်)၊ဘီလူး၊ စောကြည်ဖြူနှင့် မြင့်စန်းရီ ၊ ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ နတ်နေကိုင်း၊ ချစ်လို့စတာ နာတယ်၊ အိပ်မက် အပိုဒ်ခွဲ (၉) စတဲ့စာအုပ်တွေကို ရုပ်ရှင်ဇာတ်ကားတွေအဖြစ် ပြန်လည်ပုံဖော်ခဲ့ပြီး ပရိသတ်တွေအားပေးမှု့ကိုရရှိခဲ့တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။

ဆရာ အကြည်တော် ဟာ လုံးချင်းဝတ္ထုတွေအပြင် လူမှု့ကွန်ယက်ပေါ်က သူ့ရဲ့ကဗျာတိုတိုလေးတွေဟာလဲ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဆရာ အကြည်တော် ဟာ မကွယ်လွန်ခင်လပိုင်းလောက်က ကဗျာနဲ့ဂီတကိုပေါင်းစပ်ကာ သူကိုယ်တိုင်ရွတ်ဆိုထားတဲ့ ကဗျာဂီတအယ်လ်ဘမ်ကိုထုတ်ဝေခဲ့ပါတယ်။ “ဘဝမှာ တခါပဲ ချစ်ခွင့်ရမယ်ဆို ကမ္ဘာကြီးကပြောင်းလဲခဲ့မယ်ဆို မင်းကိုချစ်စိတ် ဘယ်အခါမှ မပြောင်းလဲ” ဒါကတော့ ပရိသတ်တွေအားပေးမှု့ရခဲ့တဲ့ တဲ့ ကဗျာဂီတအယ်လ်ဘမ်ထဲက "တဘဝတခါထဲက" စာသားတွေပါ။ ဟာသတွေနဲ့ရယ်မောစေခဲ့သလို ကဗျာတွေနဲ့လည်း ရင်ထဲထိရောက်အောင် လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

စာရေးဆရာ အကြည်‌တော် ဟာ ကိုဗစ်ရောဂါကို နှစ်ကြိမ်တိုင်တိုင်ခံစားခဲ့ရပြီး အစာရေမျိုကင်ဆာ ကိုစစ်ဆေးဖို့အတွက် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မှာ ဆေးကုသခံခဲ့ရပါတယ်။ ခရီးကပြန်လည်ရောက်ရှိလာပြီး ရုတ်တရတ်သတိလစ်သွားခဲ့တာကြောင့် ပင်လုံဆေးရုံမှာ ရက်ရှည်ဆက်လက်ကုသမှုခံယူခဲ့ရပြန်ပါတယ်။ 2022 ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ ည ၈နာရီခွဲ ” ကိုကြည်(အကြည်တော်)ဒီည ၈:၃၀ မှာ ဆုံးရှာပြီ” ဆိုတဲ့ အလွန်ဝမ်းနည်းကြေကွဲဖွယ်စာကြောင်းလေးကို အကြည်တော် ရဲ့ ညီငယ် အကယ်ဒမီဓီရာမိုရ်က ပရိသတ်တွေကို လူမှု့ကွန်ယက်ပေါ်ကနေ အသိပေးထားပါတယ်။ ဆရာ အကြည်တော် ဟာ ကွယ်လွန်ချိန်မှာ အသက်(၅၀နှစ်) ရှိပါပြီ။  

စာရေးဆရာ အကြည်တော်ဟာ ရောဂါဝေဒနာကြောင့် သတိမလစ်ခင်နာရီပိုင်းအလိုလောက်မှာ လူမှု့ကွန်ယက်ကနေ ဗေဒင်ဆရာ ဇင်ယော်နီ ထံစာပို့ကာ ရင်ဖွင့်ခဲ့ပုံက “အရက်တွေ တအားသောက် ဆေးလိပ်တွေ ထင်သလိုသောက် အသည်း၊ အဆုတ်၊ ကျောက်ကပ် တခြား AIDS ကအစ အကုန်ကောင်းပြီး ကိုယ်လုံးဝမလုပ် ကြိုက်လည်းမကြိုက်တဲ့ အစားအသောက်နဲ့ ဆိုင်မယ်ထင်တဲ့ အစာအိမ်လေပြွန် ကင်ဆာ ဖြစ်တာဗျ။ အသည်းတို့အဆုတ်တို့ဆိုရင်တောင် ဂုဏ်ယူဦးမယ်။ ကိုယ်လုပ်လို့ ကိုယ်ဖြစ်တာလေ။ အခုဟာက ဘာမှလည်းမစား အစပ်တောင်မစားတဲ့သူက မဆီမဆိုင်ထဖြစ်တော့ မတန်သလိုခံစားရတယ်” လို့ ပြောခဲ့ပါတယ်။ 

အကြည်တော်ကွယ်လွန်တဲ့ သတင်းကိုကြားတဲ့အခါ ဝမ်းနည်းပူဆွေးခြင်းများစွာနဲ့ သူ့ကြောင့်ရယ်မောခဲ့ရတာတွေအတွက် ကျေးဇူးတင်တဲ့အကြောင်းတွေ၊ ကောင်းရာမွန်ရာရောက်စေဖို့ ဆုတောင်းစကားတွေများစွာဟာ လူမှုကွန်ရက်စာမျက်နှာမှာ ပြည့်နှက်လို့နေပါတော့တယ်။  ဟာသ ဝတ္တု ဆောင်းပါး ကဗျာ စာအုပ်ပေါင်း များစွာ ရေးသား အောင်မြင်ခဲ့တဲ့အပြင် ဇာတ်လမ်းပေါင်းများစွာကို ဖန်တီးခဲ့သူ ၊ စာပေလောက ရဲ့ ကြယ်ပွင့်ကြီး တစ်ပွင့် ကြွေလွှင့်သွားရလို့ ချစ်တဲ့ပရိသတ်တွေအားလုံးပဲ နှမြောတသခြင်းများစွာနဲ့ ဝမ်းနည်းခဲ့ကြရပါတယ်။ 

ဆရာအကြည်တော် ရဲ့ ဘဝအကြောင်းစာစုလေးကို သူ့ရဲ့နောက်ဆုံးကဗျာလေးနဲ့ နှုတ်ဆက်လိုက်ပါတယ်နော်။ “ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ ဘဝမှာတစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင် မင်းရှိရာအရပ်ကို ငါရွေးမယ် ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင်၊ ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင် ၊ မေတ္တာတရားက ကျောသားရင်သား ခွဲခြားခဲ့ရင်၊ ငါတို့ဟာမဆုံနိုင်တဲ့မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင် နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ်...." ။