ကွယ်လွန်သွားတာ ဆယ်စုနှစ်များစွာကြာလည်း ထာဝရရှင်သန်နေမယ့် မင်းသား ဒွေး

ဒီကနေ့ကတော့ ဒွေးကွယ်လွန်သွားခဲ့တာ ၁၆ နှစ်ပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ်။

ကွယ်လွန်သွားတာ ဆယ်စုနှစ်များစွာကြာလည်း ထာဝရရှင်သန်နေမယ့် မင်းသား ဒွေး

ထင်ပေါ်ကျော်ကြားခြင်းနှင့် ထွန်းလင်းတောက်ပခြင်းဟု အဓိပ္ပာယ်ရသော အမည်ပိုင်ရှင် မောင်ထင်လင်းကို ၁၉၆၇ ခုနှစ်၊ မေလ ၇ ရက် (စနေနေ့) တွင် ဖွားမြင်ခဲ့သည်။ မောင်ထင်လင်း (ခ) သားကြီးကို အဖ ဦးတင်ထွန်းမောင်နှင့် အမိ ဒေါ်အေးအေးသင်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်းများအနက် သားဦးဖြစ်သည်။ ဖခင်ဖြစ်သူသည် တပ်မတော်သား တစ်ဦးဖြစ်သည့် အားလျော်စွာ ငယ်စဥ်က ဖခင်တာဝန်ကျရာ နေရာများသို့ လှည့်လည်နေထိုင်ခဲ့သည်။ ဆယ်တန်းအောင်မြင်ပြီးနောက် စက်မှုတက္ကသိုလ်(Y.I.T)သို့ ဆက်လက်တက်ရောက်ခဲ့ပြီး BE(Electrical Power) ဘွဲ့ကို ရရှိခဲ့သည်။

လျှပ်စစ်အင်ဂျင်နီယာ ဖြစ်သော မောင်ထင်လင်းသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၄ နှစ်သားအရွယ်ကပင် “ကျွန်တော့ကိုယ်စားပြောပေးပါ” တွင် ချာတိတ်လေး အောင်မောင်းအဖြစ် ပါဝင်သရုပ်ဆောင်ဖူးပြီး ပရိသတ်မေတ္တာကို ရရှိခဲ့သူဖြစ်သည်။ မောင်ထင်လင်း၏ ဆန္ဒမှာ စတီရီယို တေးသံရှင် ဖြစ်ရန်ဖြစ်သည်။ Slow Rock ဂီတအား အထူးနှစ်ခြိုက်ခဲ့သူပီပီ ငယ်စဥ်ကပင် မုန့်ဖိုးများစု၍ ဂစ်တာတစ်လက်ဝယ်ကာ သီချင်းများဖြင့် ကြီးပြင်းခဲ့သူ ဖြစ်သည်။

ဘွဲ့ရပြီးချိန်တွင် အဆိုတော်တစ်ယောက် ဖြစ်လိုသော ဆန္ဒကို အကောင်အထည်ဖော်ရန် မိခင်၏မောင်၊ ဦးလေးဖြစ်သူ ဦးကျော်ဟိန်းနှင့် ဆက်သွယ်၍ ပူဆာခဲ့သည်။ ဤနေရာတွင် ဦးကျော်ဟိန်းသည် ဒွေးဟူသော အနုပညာ ကြယ်တစ်ပွင့် ထွန်းတောက်လာစေရန် သွန်းလောင်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဦးကျော်ဟိန်းသည် မောင်ထင်လင်းထံတွင် အဆိုတော် မဟုတ်ဘဲ သရုပ်ဆောင်လုပ်မည်ဆိုလျှင် အောင်မြင်မည့် အရိပ်အချည်များကို တွေ့ရသဖြင့် သရုပ်ဆောင်တစ်ဦးအဖြစ် လုပ်ကိုင်ရန် တိုက်တွန်းပြီး လေ့ကျင့်သင်ကြားပေးခဲ့သည်။

ဦးကျော်ဟိန်းထံတွင် အနီးကပ်လေ့ကျင့် သင်ကြားနေစဥ် အမည်ရင်း မောင်ထင်လင်းအမည်ဖြင့် အနုပညာလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် တစ်နှစ်ခန့်အကြာ ၁၉၉၃ ခုနှစ်တွင် မောင်ထင်လင်းအမည်မှ ဒွေးဟု ပြောင်းလဲ၍ ဦးကျော်ဟိန်းမှ ဒါရိုက်တာအဖြစ် ဦးဆောင်ကာ မင်းသမီး တင့်တင့်ထွန်းနှင့် ဒုက္ခကိုအရောင်ဆိုးထားတယ် ဗီဒီယို ဇာတ်ကားအား ရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားမှာ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် ရဲဝန်ထမ်းတို့၏ ဘဝကို သရုပ်ဖော်ထားသော နိုင်ငံတော်အကျိုးပြု ဗီဒီယိုကားဖြစ်သည်။“ဒုက္ခကို အရောင်ဆိုးထားတယ်” သည် ‌ဒွေးအတွက် မင်းသားအဖြစ် ပထမဆုံး သရုပ်ဆောင်ရသော စိန်ခေါ်မှုတစ်ခု ဖြစ်သော်လည်း ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည့် အတွေ့အကြုံနှင့် လေ့ကျင့်သင်ကြားထားပေးမှုတို့ကြောင့် အကောင်းမွန်ဆုံး ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဦးကျော်ဟိန်း၏ ဟန်၊ အသံ၊ ဌာန်တို့ လုံးဝ မလွှမ်းမိုးစေဘဲ ကိုယ်ပိုင်ဟန်၊ အသံ၊ ဌာန်တို့ဖြင့် အနုပညာမှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။ ဒုက္ခကိုဆေးဆိုးထားတယ်မှ စတင်၍ ပရိသတ်ရင်ထဲသို့ စူးစူးနစ်နစ် ဝင်ရောက်ခဲ့သောဒွေးသည် အရှိန်အဟုန်ကောင်းစပြုနေသော မြန်မာ့ဗီဒီယို စျေးကွက်အတွင်းသို့ ချင်းနင်းဝင်ရောက်ခဲ့သည်။ ‌ထိုအချိန်တွင် ဗီဒီယိုစျေးကွက်မှာ တစ်စတစ်စ ကြီးထွားလာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးများကိုပင် ပရိသတ်အားပေးမှု ကျဆင်းလာသည်အထိ ရိုက်ခတ်ခဲ့သည်။ ပရိသတ်အားပေးမှုကို တခဲနက် ရရှိပြီးသော ‌ဒွေးသည် မြန်မာဗီဒီယိုစျေးကွက်ကို ဝင်ရောက်ပြီးနောက် မြို့ရော၊ နယ်ပါ တစ်နိုင်ငံလုံးသို့ ကျယ်ပြန့်စွာ နေရာယူနိုင်ခဲ့သည်။

ထို့နောက် ‌ဗီဒီယိုလောကတွင် အရှိန်ကောင်းကောင်းဖြင့် အောင်မြင်နေသော ဒွေးသည် ၁၉၉၄ ခုနှစ်တွင် ကျော်ဟိန်း၊ မြင့်မြင့်ခိုင်၊ တင့်တင့်ထွန်းတို့နှင့် “ဝေလည်းမွှေး၊ ကြွေလည်းမွှေး” ဟူသော ရုပ်ရှင်ဇာတ်ကားကို ပထမဆုံးအကြိမ် ရိုက်ကူးခဲ့သည်။ တပ်မတော်သားတို့၏ ဘဝ၊ ဇွဲလုံ့လ ဝိရိယနှင့် သတ္တိတို့ကို မိဘမေတ္တာနှင့် အိမ်ထောင်ရေးအပြင် လူငယ်တို့၏ ဆွတ်ပျံ့ဖွယ်အချစ် တို့ဖြင့် ရောယှက် ပုံဖော်ထားသည့် နိုင်ငံ့အကျိုးပြု ရှပ်ရှင်ကားဖြစ်သည်။ “ဝေလည်းမွှေး၊ ကြွေလည်းမွှေး” တွင် ဒွေးသည် ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။ ဇာတ်သိမ်းခန်းတွင် ” အဖေ…. ကျွန်တော်မသိဘူးအဖေရာ” ဟူသော ကြေကွဲသံသည် တပ်ကြပ်ကြီးဖိုးစီအဖြစ် သရုပ်ဆောင်သော ဦးကျော်ဟိန်းအား အကယ်ဒမီရသည်အထိ တွန်းပို့ပေးနိုင်ခဲ့သည်။

ဒွေးသည် ဦးလေးဖြစ်သူ ဦးကျော်ဟိန်း၏ လမ်းညွှန်မှုဖြင့် ရုပ်ရှင်လောကထဲတွင် အကြီးအကျယ်အောင်မြင်မှု ရရှိခဲ့သည်။ ဗီဒီယိုကားပေါင်းများစွာနှင့် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးပြီး မြန်မာပြည်တွင် စူပါမင်းသားတစ်ယောက် ဖြစ်လာခဲ့သည်၊၊ မောင်ထင်လင်းဟူသော အမည်နှင့် ပနံရစွာပင် ဒွေးသည် အနုပညာနယ်ပယ်တွင် တစ်တိုင်းပြည်လုံး ချစ်ခင်ကြသော မင်းသားတစ်ယောက်၊ ကြယ်တစ်ပွင့် အဖြစ် ထွန်းလင်းတောက်ပခဲ့သည်။ မြန်မာ့ရုပ်ရှင်သမိုင်းတစ်လျှောက် ကျော်ကြားခဲ့သော မင်းသားများအနက်မှ ဒွေးသည် အထူးခြားဆုံးဖြစ်သည်။ မြို့ပြရော၊ ကျေးလက်ပါမကျန် ပရိသတ်အားပေးမှု အခိုင်အမာဖြင့် “ဒွေးတစ်ခေတ်” ဟု ခေါ်ဆိုရလောက်သော ၁၅နှစ်တာကာလ ( ၁၉၉၂-၂၀၀၇) ကို ထူထောင်နိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အမေ့ခြေရာ ဇာတ်ကားဖြင့် အမျိုးသားဇာတ်‌ဆောင်ဆု၊ အကယ်ဒမီ ရရှိခဲ့သည်။

“အမေ့ခြေရာ” ဇာတ်ကားမှာ ဒွေး၏ကြိုးပမ်းမှုများထဲမှ အပြောင်မြောက်ဆုံးနှင့် အလေးနက်ဆုံးဖြစ်သည်ဟု ထင်မြင်မိသည်။ မိခင်မေတ္တာကို နားမလည်၊ မိခင်ကို ကောင်းကျိုးမပြုဘဲ ဒုက္ခသာပေးနေစဉ် မိခင်၏မေတ္တာကိုနားလည်ပြီး မိခင်ကိုချစ်မြတ်နိုးကာ အမေ့ခြေရာကို ရယူ၍ဦးထိပ်ထားသည့် လုပ်ငန်းရှင်နှင့်တွေ့ရာမှ အမြင်မှန်ရသော်လည်း မိခင်ကွယ်လွန်သည့် အဖြစ်နှင့် ကြုံရသည့်သားအဖြစ် ပရိသတ်ကို သရုပ်ဆောင်ပြခဲ့သည်။ အချိန်အတန်ကြာ “ဒွေး” ဟူသော အမည်ကို ထိန်းနိုင်ခဲ့သည့် လျှို့ဝှက်ချက်ကို ဆန်းစစ်ကြည့်ရာတွင်

-ပရိသတ်အပေါ် အလေးထားသော ဆန္ဒ

-ခေတ်ရေစီးကြောင်း အပေါ်အကဲခတ်လေ့လာမှု

-ကြိုးစားအားထုတ်မှု

-အလုပ်အပေါ် မြတ်နိုးတန်ဖိုးထားမှု

-ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှု စသည်တို့ကို တွေ့ရှိခဲ့ရသည်။

သရုပ်ဆောင်လောကတွင် အောင်မြင်မှုများ ရရှိပြီးနောက် ‌ဒွေးသည် ငယ်စဥ်က ရူးသွပ်ခဲ့သော ဂီတဘက်သို့ ခြေဆန့်ခဲ့သည်။ ရုပ်ရှင်နောက်ခံတေးအချို့အား ကိုယ်တိုင်သီဆိုခြင်း၊ တေးစီးရီးများကို တစ်ဦးတည်းရော အခြားတေးသံရှင်များနှင့်ပါ တွဲဖက်၍ ထုတ်လုပ်ခြင်း၊ တေးဂီတပွဲများတွင် သီဆိုဖျော်ဖြေခြင်း တို့ကို လုပ်ဆောင်ခဲ့သည်။ တေးသီချင်းပေါင်း ၃၀ ကျော်ကို သီဆိုခဲ့ပြီး ကိုယ်ပိုင်အယ်ဘမ်တစ်ခွေ၊ အတွဲခွေများ၊ လူစုံတေးစီးရီးများ ပါဝင်ခဲ့သည်။ “ထွန်းလင်းခွင့်ပေးပါ” သည် ဒွေး၏ တစ်ခွေတည်းသော တစ်ကိုယ်တော် အယ်လ်ဘမ် ဖြစ်သည်။

ရုပ်ရှင်ဗီဒီယို ဇာတ်ကားများတွင်လည်းကောင်း၊ တီဗွီကြော်ငြာများတွင်လည်းကောင်း၊တေးဂီတ နယ်ပယ်တွင်လည်းကောင်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော ဒွေးသည် အနုပညာဝမ်းစာ ပြည့်ဝလာသောအခါ ဒါရိုက်တာတစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
ရုံတင်ဗီဒီယိုကားများ ထွန်းကားလာချိန်တွင် ငွေသိုက်၏ ဗီဒီယိုအတွက် “မာန်၏ဒဏ်” ဒီဗီဒီကားကို ဒါရိုက်တာအဖြစ် ဦးစီး၍ ရိုက်ကူးခဲ့သည်။ ‌ဒွေးကိုယ်တိုင် ဒါရုက်တာအဖြစ် ရိုက်ကူးခဲ့သော နောက်ဆုံးဇာတ်ကားမှာ “နှင်းဆီမိုးတိမ်” ဖြစ်သည်။ ထို့အပြင် ဒွေးသည် ပန်းချီလက်ရာများစွာကိုလည်း ချန်ရစ်ခဲ့သည်။

ဘဝနိဂုံး

အောင်မြင်မှု အထွဋ်အထိပ် ရောက်‌နေစဥ် ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် (ဗုဒ္ဓဟူးနေ့)၊ ညနေ ၅ နာရီခန့်တွင် အမှတ် ၃၄(စီ)၊ ‌အေးသာယာလမ်း၊ ဘောက်ထော်နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဒွေးသည် အသက် (၄၂) နှစ်ခန့် သာ ရှိသေးသည်။ အချိန်မတိုင်ခင် ကွယ်လွန်ခဲ့ရသည့်အတွက် တစ်တိုင်းပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရလေသည်။ ဒုက္ခကို အရောင်ဆိုးခဲ့သော ဒွေးသည် လောကကို ခွန့်ခွာသွားခဲ့သော်လည်း ဝေလည်းမွှေး၊ ကြွေလည်းမွှေး ဟူသော စကားအတိုင်း သေဆုံးသွားသော်လည်း ယခုအချိန်အထိ ‌ဒွေး၏ဂုဏ်သတင်းမှာ မွှေးပျံ့နေဆဲပင်ဖြစ်သည်။

‌ဒွေး၏ ရုပ်အ‌လောင်းကို ရေးဝေသုဿန်တွင် မီးသဂြိုလ်၍ အရိုးပြာကို ပြန်လည်သယ်ဆောင်ကာ ချောင်းဝဘုန်းကြီးကျောင်း၌ လွမ်းစေတီ တည်ထားခဲ့သည်။ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ငွေကြယ်တစ်ပွင့်အဖြစ် ထွန်းလင်းခဲ့သော ဒွေးသည် ယနေ့ထက်တိုင် မြန်မာပြည်သူတို့၏ ရင်ထဲဝယ် အောက်မေ့တသလျှက်ပင် ရှိနေပါတော့သည်။

(မြန်မာနိုင်ငံမှ စံတင်ရလောက်ပါသော စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်သည့် ဦးထင်လင်း (ခ) ကိုသားကြီး ခေါ် ဒွေး အား ဂုဏ်ပြု၍ ရေးသားဖော်ပြလိုက်ပါသည်။)