ကြမ်းတမ်းတဲ့ဇာတ်ရုပ်တွေကို ဟန်ပါပါပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ လူကြမ်းမင်းသားကြီး အံ့ကျော် ရဲ့ဘဝအကြောင်း

ကြမ်းတမ်းတဲ့ဇာတ်ရုပ်တွေကို ဟန်ပါပါပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ လူကြမ်းမင်းသားကြီး အံ့ကျော် ရဲ့ဘဝအကြောင်း

ဒီကနေ့ တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ အရင်ခေတ်က အလွန်အမင်း အောင်မြင်ကျော်ကြားပြီး ကြမ်းတမ်းတဲ့ ဘ၀ဇာတ်ရုပ်တွေကို ဟန်ပါပါ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ လူကြမ်းမင်းသား အံ့ကျော်အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်။

နှလုံးလှ လူကြမ်းမင်းသားကြီးဦးအံ့ကျော်ကို ၁၉၃၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အမည်အရင်းမှာဦးမြင့်ဝေလို့ ဆိုပါတယ်။ မီးရထား ဝန်ထမ်းဟောင်း ဖခင် ဦးတင်အောင် မိခင် ဒေါ်ကြူကြူတို့က ၁၉၃၇ ခုနှစ် ဇွန်လ ၆ရက်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပါတယ်။ သားနှစ်ဦး ထွန်းကားသည့်အနက်တွင် သရုပ်ဆောင် ဦးအံ့ကျော်မှာ အကြီးဆုံးသား ဖြစ်ပါတယ်။ မွေးရပ်သည် မန္တလေးမြို့ဖြစ်ပြီး မန္တလေးမြို့ရှိ ဖားသားလဖုန်း ကျောင်းတွင် ဒဿမတန်းအထိ အတန်းပညာ သင်ကြားခဲ့ပါတယ်။

ထိုနောက် အဒေါ်ဖြစ်သူ၏ နာရီဆိုင်တွင် အလုပ်လုပ်ခဲ့ပြီး အလုပ်ကို မခိုမကပ်ပဲ ကြိုးစားနေရင်း အနုပညာအလုပ်ကို ဝါသနာ ပါလွန်းသောကြောင့် မှန်ထိုး မီးထိုးဘ၀ဖြင့် ရရာအလုပ်ကို ဝင်လုပ်ကာ ရုပ်ရှင်လောကသို့ စတင် ရောက်ရှိခဲ့ပါတယ်။ တစ်ဖြည်းဖြည်း လူကြမ်းမင်းသားနေရာကို ၀င်သရုပ်ဆောင်ခွင့် ရလာပြီး မသိသူ မရှိသည့် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့ လူကြမ်းမင်းသားတစ်ယောက်အဖြစ် လူသိများ ထင်ရှားလာခဲ့ပါသည်။ သဏ္ဍန်လုပ် သရုပ်ပါ ဆိုသလို အနုပညာကို ကျရာနေရာကနေ ဆေးစက်ထင်ရာ အရုပ်ရေးသလို ပါရမီပါပါ သရုပ်ဆောင်နိုင်တာကြောင့် လူကြမ်းမင်းသားအံ့ကျော်မှာ ထိုခေတ်အခါက အလွန် နာမည်ကြီးခဲ့ပါတယ်။

ရှုပ်ရှင်လောကကို စတင် ၀င်ရောက်လာသည့်အခါတွင် အံ့ကျော်ရဲ့ လက်ဦးဆရာမှာ ဒါရိုက်တာ ဦးချင်းစိန်၊ ဒါရိုက်တာ ဦးတင်ယု နှင့် ဒါရိုက်တာ ဦးမောင်မောင်မြင့်တို့ဖြစ်ပါတယ်။ အနုပညာ ဝါသနာပါသူပီပီ ဆရာတွေ သင်ပြ ပြောဆိုသည့်အတိုင်း တသဝေမတိမ်း လိုက်နာလုပ်ဆောင်ခဲ့ပါတယ်။ သရုပ်ဆောင်အံ့ကျော်သည် လူကြမ်းမင်းသားနေရာမှာ ပီပြင်အောင် သရုပ်ဆောင်နိုင်သလောက် အပြင်လောကတွင် ပျော်ပျော်နေတတ်တဲ့ နှလုံးသားလှသော လူမိုက်ကြီးပါတဲ့။ ၁၉၆၇ ခုနှစ်တွင် ဒေါ်နှင်းရည်အောင် ဆိုသူနှင့် လက်ထပ် ထိမ်းမြားခဲ့ပြီး သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။

၁၉၇၃ ခုနှစ်တွင် ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဆိုသည့် အမျိုးသား စာပေဆုရ စာရေးဆရာ မင်းကျော် ၏ မြ၀တီမဂ္ဂဇင်းမှာ ဖော်ပြခြင်း ခံရသည့် အခန်းဆက် ဝတ္ထုရှည်ကို ဒါရိုက်တာဦးသုခဘရိုက်ကူးသော ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ပို့ဆုဖြင့် အကယ်ဒမီ ရွှေစင်ရုပ်ထုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ ထို ဇာတ်ကားတွင် စာမတတ် ပေမတတ် ရိုးသားနုံအသော ထန်းတက်သမား ကိုချစ်စရာ ၏ ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန် အကယ်ဒမီ ရွှေစင်ရုပ်ထုကို ရရှိခဲ့ပါသည်။

လူကြမ်းခန်းများတွင်သာ သရုပ်ဆောင်ခဲ့တဲ့ ဦးအံ့ကျော်သည် ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားတွင် ထူးထူးဆန်းဆန်း ဇာတ်ပို့နေရာတွင် ပီပီပြင်ပြင် ဇာတ်ရုပ်ပေါ်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ဦးအံ့ကျော်သည် မသေခင်အထိ ရုပ်ရှင်ဇာတ်ကားကြီးနှင့် ဗီဒီယိုဇာတ်ကားပေါင်း ၃၀၀ ခန့် သရုပ်ဆောင်နိုင်ခဲ့တယ် ။ အဆိပ်မာန် မာနမင်းသား ငရဲသား ကန္တာရ ရဟန်းစားရသော ဆွမ်းတစ်နပ် ရွှေဂေါင်းပြောင် ကျားနောက်က ဝံပုလွေ စသည့် နာမည်ကြီး ဇာတ်ကားများတွင် ပါဝင်ခဲ့ပါတယ် ။

မြန်မာအသံ ဇာတ်လမ်းများစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဆားပုလင်းနှင်းမောင် နှင့် မြိုင်ရာဇာတာတေ၊ ဆားပုလင်းနှင်းမောင် နှင့် မီးခဲမောင်မောင် ကျူရိုးနဲ့ ခေါင်းလောင်းထိုးမယ် ဓါးခင်ခင် ပဂိုင်ငစိန် ဝိသမငညိုကြီး ခင်ချောတောပြန်ပါ အလွမ်းဇာတ် တစ်ခန်းရပ်လိုက်ပြီ ဖိုးတုတ် ရှိုးထုတ်နေသည် စသည့် အသံဇာတ်လမ်းများစွာ၌ ပါဝင် သရုပ်ဆောင်ခဲ့သည်။ ကွယ်လွန်ခါနီးတွင် ဘာသာရေး နေ့ထူးနေ့မြတ်များတွင် ထုတ်လွှင့်သော ဘာသာရေးဆိုင်ရာ ဇာတ်လမ်းများတွင်လဲ ပါ၀င် သရုပ်ဆောင်နိုင်ခဲ့ပါသည်။

ဦးမြင့်ဝေ တစ်ဖြစ်လဲ သရုပ်ဆောင် အကယ်ဒမီ ဦးအံ့ကျော်သည် ၂၀၀၇-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက် နေ့တွင် လေငန်းရောဂါဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၉ ရပ်ကွက်၊ အမှတ် ၁၀၆၄၊ ဒူးယား (၆)လမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၀) ရှိပြီ ဖြစ်သည်။ လူကြမ်းသရုပ်ဆောင် ရုပ်ရှင်မင်းသားကြီး ဦးအံ့ကျော်သည် ရုပ်ရှင်ဇာတ်လမ်းများ အသံဇာတ်လမ်းများတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး အကယ်ဒမီဆု ချီးမြင့်ခံရသည် အထိ ထူးခြား ပြောင်မြောင်သော အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်ခဲ့ပါသည်။ အကယ်ဒမီ အံ့ကျော်ရဲ့ ကျန်ရစ်ခဲ့သော အနုပညာများကို ရုပ်မြင်သံကြားတွင် ပြန်လည်ပြသနေဆဲ ဖြစ်ပါတယ်။ လူက ဆုံးပါးသွားခဲ့ပေမယ့်လည်း အနုပညာ လက်ရာများကတော့ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။ အခု တင်ဆက် ပေးသွားတာကတော့ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ ဦးအံ့ကျော် အကြောင်းပဲ ဖြစ်ပါတယ်ရှင့်။

အချိန်တိုင်းအားပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ အနုပညာရှင်တွေရဲ့ Update သတင်းတွေအပြင် တခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ၊ အဆိုတော်များ နဲ့ နယ်ပယ်စုံအလွှာစုံ က အနုပညာရှင်အသီးသီး တို့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသိရှိရသလောက် ဖော်ပြပေးအုန်းမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါအုန်းနော်…။