ဝဏ္ဏကျော်ထင်ဘွဲ့ရ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် မင်းသမီးကြီး ဒေါ်မေသစ် ရဲ့ ဘ၀ အကြောင်း

အနုပညာမှာတော်တဲ့အပြင် အများပြည်သူရဲ့အကျိူးကို သယ်ပိုးခဲ့တဲ့ အတုယူလေးစားဖွယ် မင်းသမီးကြီး ...

ဝဏ္ဏကျော်ထင်ဘွဲ့ရ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် မင်းသမီးကြီး ဒေါ်မေသစ် ရဲ့ ဘ၀ အကြောင်း

ဒီတစ်ခေါက်မှာတော့ ခုခေတ်လူငယ်လေးများလက်လှမ်းမမှီနိုင်တော့မယ် အရင်ခေတ်က ဝဏ္ဏကျော်ထင်ဘွဲ့ရ အမျိုးသမီးရုပ်ရှင် သရုပ်ဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဝဏ္ဏကျော်ထင် သရုပ်ဆောင် မေသစ် အကြောင်းကို တက်ဆက်ပေးမှာပဲဖြစ်ပါတယ် ။

မြန်မာ့သရုပ်ဆောင်မင်းသမီးကြီး မေသစ်ဟာ ထပ်ဆင့်အကယ်ဒမီ ရရှိခဲ့သည့် မင်းသမီးကြီးဖြစ်သည့် အပြင် ဝဏ္ဏကျော်ထင်ဘွဲ့ပါရခဲ့တဲ့ မင်းသမီးကြီးဖြစ်ပါတယ်။ဝဏ္ဏကျော်ထင်ဘွဲ့ဆိုတာက လွတ်လပ်ရေးရပြီးတဲ့ နှစ်ကတည်းကစပြီး အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေအတွက်ချီးမြှင့်တဲ့ ဘွဲ့တံဆိပ်တော်တစ်ခုဖြစ်ပါတယ်။သရုပ်ဆောင်မင်းသမီးကြီးဒေါ်မေသစ်ကို အဖဖြစ်သူ မြူနီစီပယ် ဝန်ထောက် ဦးကိုကိုကြီး နဲ့ အမိ ဒေါ်သန်းရွှေတို့မှ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါတယ်။မွေးချင်းမောင်နှမ သုံးဦးတွင် ဒုတိယမြောကာ် သမီးလတ် ဖြစ်ပြီး အမည်ရင်းမှာ မခင်သစ် ဖြစ်ပါတယ်။

မေသစ်သည် ငယ်စဉ်က ခေတ်ပညာကို အလယ်တန်း အထိ ဆည်းပူးခဲ့သပြီး ပညာရေးထက် ရုပ်ရှင် အနုပညာကိုပိုမို ဝါသနာ ထုံသောကြောင့် အလယ်တန်း အောင်မြင်ပြီးနောက် ကျောင်းထွက်လိုက်ပါတော့တယ် မေသစ်မှာ အနုပညာကို ဝါသနာထုံလွန်းပြီး ခင်နှင်းရီ မေရှင်တို့ရဲ့ ဇာတ်ကားများကို မလွတ်တမ်းကြည့်ရှုပြီးနောက် အိမ်ပြန်ရောက်တာနဲ့ ရုပ်ရှင်သရုပ်ဆောင်ကွက်များကို ပြန်လေ့ကျင့်တယ်လို့ ဆိုပါတယ်။ ဝါသနာပါရာ ရုပ်ရှင် သရုပ်ဆောင် အလုပ်ကို အေဝမ်းရုပ်ရှင် ကုမ္ပဏီတွင် လျှောက်ထားခဲ့ပြီး အေဝမ်း ရုပ်ရှင် ကုမ္ပဏီမှ မေသစ်အား ရုပ်ရှင် မင်းသမီးသစ် အဖြစ် ရွေးချယ်လိုက်သည်။

အေဝမ်းရုပ်ရှင်ကုမ္ပဏီသည် ‘မေသစ်’ ဆိုသည့်အမည်ဖြင့် ရုပ်ရှင် မင်းသမီးအဖြစ် စင်တင်ပေးလိုက်ပြီး ခင်သစ်မှသည် ရုပ်ရှင်မင်းသမီး မေသစ် ဖြစ်လာပါတော့တယ်။ထိုစဉ်တွင် မေသစ်၏ အသက်မှာ ၁၆-နှစ်သာ ရှိပါသေးတယ်။မင်းသမီးအဖြစ်ပါဝင်ခွင့် မရသေးဘဲ မထင်မရှား ဇာတ်ပို့ ဇာတ်ရံ တစ်ယောက်အဖြစ်သာ ပါဝင်ခွင့်ရသေးပြီး ဒါရိုက်တာဦးဘရှင် ရိုက်ကူးကာ ညွန့်မောင်၊ မေနု၊ မေမြင့်၊ မြင့်ဆွေ၊ သာဂေါင်၊ စိုင်တင်တို့ ပါဝင်သော ‘မိုးကြိုး’ အသံတိတ်ဇာတ်ကားတွင် မထင်မရှား ဇာတ်ရံအခန်းမှ ပါဝင်ကာ ပထမခြေလှမ်းအဖြစ်ရုပ်ရှင်လောက အတွင်းသို့ စတင် ဝင်ရောက်ခဲ့ပါတယ်။ တက်သစ်စ မင်းသမီးလေး ဖြစ်လာသည့် ‘မေသစ်’ သည် အေဝမ်းဖလင် ကုမ္ပဏီမှ ဒါရိုက်တာ ဦးချင်းစိန် (ရွှေညာမောင်) ရိုက်ကူးသော ‘ကေလာသ’ ရုပ်ရှင်ကားတွင် အေးကြူ၊ မေနုတို့နှင့် တွဲဖက် သရုပ်ဆောင်ခဲ့ပါတယ်။’ကေလာသ’ ရုပ်ရှင်ကားကို ၁၉၄၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဘုရင်ရုံ၌ တင်ဆက်ခဲ့ပါတယ် ၁၉၄၁- ခုနှစ် ကုန်ပိုင်းတွင် ဒုတိယ ကမ္ဘာစစ်မီးသည် မြန်မာနိုင်ငံသို့ ကူးစက်လာခဲ့ရာ မေသစ်တို့ မိသားစုသည်။ စစ်ဘေး ကင်းလွတ်ရာ ကျေးလက် တောရွာများသို့ ပြောင်းရွှေ့ နေထိုင်ကာ စစ်ဘေး ရှောင်တိမ်းခဲ့ရပါတယ်။

စစ်ပြီးခေတ်တွင် မေသစ်သည် ရုပ်ရှင်လောကသို့ ပြန်လည် ဝင်ရောက်ခဲ့ပြီး မေသစ်၏ မူလ ရုပ်ရှင် ကုမ္ပဏီ ဖြစ်သည့် အေဝမ်းဖလင် ကုမ္ပဏီ မိသားစုဝင်များက ထို၁၉၄၆-ခုနှစ်တွင် လျှပ်စစ် ရုပ်ရှင်ကားများ ထုတ်လုပ်လျက် ရှိပါတယ်။မေသစ်မှာ လျှစ်စစ် ရုပ်ရှင် ကုမ္ပဏီ ၁၉၄၆ မှ ၁၉၅၂ ခုနှစ်ထိ ထုတ်လုပ်ခဲ့သော ရုပ်ရှင်ကားများတွင် ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ လျှပ်စစ် ရုပ်ရှင် ကုမ္ပဏီ၏ ပွဲဦးထွက် ဒါရိုက်တာ မောင်တင်ယု ရိုက်ကူးသော ‘မင်းဘာလဲ’ ရုပ်ရှင်ကားတွင် မေသစ်သည် မောင်တင်မောင်၊ အေးကြူတို့နှင့် တွဲဖက် သရုပ်ဆောင်ပြီးနောက် လျှပ်စစ် ရုပ်ရှင်မှ ဆက်တိုက် ထုတ်လုပ်ခဲ့သော ‘အတွင်းရန်’၊ ‘ဘဘကြီး’၊ ‘ညောင်ရမ်းညီနောင်’ ရုပ်ရှင်ကားများတွင် မေသစ်သည် မင်းသား ခင်မောင် (နောင်တွင် ဖာတလုံး ခင်မောင်) နှင့် တွဲဖက် သရုပ်ဆောင်ခဲ့ပါတယ်။ 

ရုပ်ရှင်ကားများကို ရိုက်ကူး တင်ဆက်သည့် ဒါရိုက်တာမှာလည်း မောင်တင်ယုပင် ဖြစ်ပါတယ်။ထို့ပြင် မေသစ်မှာ လျှပ်စစ် ရုပ်ရှင်တွင် ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူး နေရသကဲ့သို့ အေဝမ်းဖလင် ကုမ္ပဏီမှ ထုတ်လုပ်သည့် ဒါရိုက်တာ ဦးဘရှင်၏ ‘ချိန်တန်ပြီ’ ရုပ်ရှင်ကားတွင်လည်း မောင်တင်မောင်၊ မေရှင်၊ သာဂေါင်ကြီးတို့နှင့် တွဲဖက် သရုပ်ဆောင်ရပါတယ် မေသစ်သည် ‘ချိန်တန်ပြီ’ ရုပ်ရှင်ကားကို ၁၉၄၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ရွိုင်ရယ်ရုံနှင့် ကာဌေး (ကေသွယ်) ရုံတို့တွင် တင်ဆက်ခဲ့ပါတယ် ထို့နောက် မေသစ်သည် အေဝမ်းဖလင် ကုမ္ပဏီမှ ဒါရိုက်တာ အေဝမ်း ဦးတင်မောင် ရိုက်ကူး သည့် ‘ချစ်မုန်းမာန်’ အသံထွက် ရုပ်ရှင်ကားတွင် မောင်တင်မောင်၊ ရွှေညာမောင်၊ သုခ၊ သာဂေါင်ကြီးတို့နှင့် တွဲဖက်၍ ခေါင်းဆောင် မင်းသမီး အဖြစ် သရုပ်ဆောင်ရပါတယ်။ ယင်းရုပ်ရှင်ကားကို ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ရွိုင်ရယ်ရုံ၌ တင်ဆက်ပြသခဲ့ပါတယ်။ထို့နောက် မေသစ်သည် လျှပ်စစ် ရုပ်ရှင် ကုမ္ပဏီ၏ ပဉ္စမမြောက် ရုပ်ရှင်ကား ဖြစ်သည့် ဒါရိုက်တာ ဦးသုခ၏ ‘ဂုဏ်ရည်မတူ’ အသံထွက်တွင် ခင်မောင်၊ စိန်စိန်၊ မေလွင်၊ ဦးသုခတို့နှင့် တွဲဖက် သရုပ်ဆောင်ရပါတယ်။ ‘ဂုဏ်ရည်မတူ’ အသံထွက် ဇာတ်ဝင်တေး အဖြစ် မေသစ် သီဆိုခဲသည့် “ဂုဏ်ရည်မတူလျှင် … ခဲသမျှ … လွဲအောင် ဖန်တော့တယ်” ဆိုသည့် ‘ဂုဏ်ရည်မတူ’ သီချင်းမှာ လူထု နှုတ်ဖျားတွင် ရေပန်းစားနာမည်ကြီးခဲ့ပါတယ်။

မေသစ်သည် အေဝမ်းဖလင်မှ ‘ချစ်မုန်းမာန်’ နှင့် လျှပ်စစ်ရုပ်ရှင်မှ ‘ဂုဏ်ရည်မတူ’ ရုပ်ရှင်ကားတို့မှစ၍ သရုပ်ဆောင်နိုင်သည့် ပါရမီကြောင့် ရုပ်ရှင်ကြည့် လူထု ပရိသတ်က ချစ်ခင် စွဲမက်သည့် ထိပ်တန်းမင်းသမီး တစ်လက် ဖြစ်လာခဲ့ပါတယ်။ ‘ရန်ပုံခွင်း’ တွင် အေးကြူ နှင့် လည်းကောင်း၊ ‘ဆရာ’ ဇာတ်ကားတွင် ဇေယျနှင့် လည်းကောင်းတွဲဖက်၍ ဇာတ်ကားများဆက်လက်ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာ အေဝမ်းဦးတင်မောင် ကြီးကြပ်၍ ဒါရိုက်တာ ဦးမြမောင် ရိုက်ကူးသည့် ‘မြဲတဲ့သစ္စာ’ အသံထွက် (၁၉၅၁) ရုပ်ရှင်ဇာတ်ကားတွင်မေသစ်မှာ နာမည်ထပ်ကြီးလာခဲ့ပါတယ်။

ယင်းရုပ်ရှင်ကားတွင် မေသစ် သီဆိုခဲ့သည့် ‘ရွှေကျီးညို’ သီချင်းနှင့် ဇေယျ နှင့် စုံတွဲ သီဆိုခဲ့သည့် ‘ဘုရားစူး ချစ်ပါ့မယ်’ သီချင်းတို့မှာ ရုပ်ရှင်ကြည့် ပရိသတ်ရင်ထဲ စွဲကျန်ခဲ့ပါတယ်။ကိုဇေယျကြီးနှင့် အတွဲညီခဲ့သည့် မေသစ်သည် အေဝမ်းဖလင်မှ ဒါရိုက်တာ ဦးအောင်ဇံ၏ ‘ဝိဇယ’ ရုပ်ရှင်ကားတွင် အေးကြူနှင့် တွဲဖက် သရုပ်ဆောင် ခဲ့ပြီး ယင်းရုပ်ရှင်ကားကို ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရွိုင်ရယ်ရုံ၌ တင်ဆက်ပြသခဲ့ပါတယ်။

မေသစ်သည် မိမိပါဝင် သရုပ်ဆောင်ထားသော ရုပ်ရှင်ကားများတွင် ဇာတ်ဝင်တေးများကို ကိုယ်တိုင် သီဆိုပြီး ဂရုဏာသံပါသော ပင်ကိုယ်အသံကြောင့် ပရိတ်သျ်ချစ်ခင်နှစ်သက်မှုရရှိခဲ့ပါတယ်။ ထို့နောက် မေသစ်သည် ဗြိတိသျှ ဘားမား (ညွန့်မြန်မာ) ရုပ်ရှင် ကုမ္ပဏီမှ ထုတ်လုပ်သည့် ရုပ်ရှင်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ဒါရိုက်တာ ဦးအောင်ကြီး၏ အချစ်ဆန်း ဗြိတိသျှ ဘားမားမှမေသစ်၏ ဒုတိယကား ဖြစ်သည့် ဒါရိုက်တာ ဦးသုခ စီစဉ် ညွှန်ကြား ရိုက်ကူးသည့် ‘သည်ဆောင်းဟေမာန်’ ဗြိတိသျှဘားမား ရုပ်ရှင်တွင် ဒါရိုက်တာ ချစ်ခင်၏ ‘မမှီတဲ့ပန်း’ ဒါရိုက်တာ လှဦး၏ ‘ဖူးစာနှစ်ခိုင်’ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ ‘ဒေါက်တာအောင်ကျော်ဦး’ တို့ကို ဆက်တိုက် ရိုက်ကူးခဲပါတယ်။ ထိုနောက် မေသစ်သည် ‘ဘဝသံသရာ’ ရုပ်ရှင်ကားတွင် ဇေယျ၊ အေးကြူ၊ နွဲ့နွဲ့အေးတို့နှင့် တွဲဖက် သရုပ်ဆောင်ခဲ့ပြီး အဆိုပါ ရုပ်ရှင်ကားတွင် မေသစ်သည် ‘ဘဝသံသရာ’ သီချင်းကို ဆရာဦးသုခနှင့် တွဲဖက် သီဆိုခဲ့ပါသေးတယ်။ ရုပ်ရှင်ကြည့် ပရိသတ်က ‘ဘဝသံသရာ’ တွင် ‘မေသစ်’ ၏ သရုပ်ဆောင်မှုတို့မှာ အသက်ဝင်လှ သဖြင့် ၁၉၅၆ ခုနှစ် အတွက် အမျိုးသမီး ဇာတ်ဆောင် ထူးချွန်ဆု ရလိမ့်မည်ဟု ထင်ကြေး ပေးခဲ့ကြသော်လည်းအကယ်ဒီမီဆုနှင့် လွဲခဲ့ရပါတယ်။ အမြဲလိုလိုအကယ်ဒမီ ထူးချွန်ဆုဖြင့် တေ့လွဲ လွဲခဲ့ရသော ပြည်တော်ချစ် မင်းသမီး ကြီး ‘မေသစ်’ သည် ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူးခဲ့ရပြီးနောက်မှာ၉၅၈ ခုနှစ်တွင် နိုင်ငံတော် အစိုးရမှ ‘မေသစ်’ အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။


ဝဏ္ဏကျော်ထင် မေသစ်သည် ၁၉၆၀ ပြည်နှစ်၊ မြဇော်ဖလင်မှ ဒါရိုက်တာ ဦးမြမောင် ရိုက်ကူးသော ‘မေတ္တာရွှေရည်’ ကားတွင် အကောင်းဆုံး သရုပ်ဆောင်နိုင်မှုကြောင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ၌ အမျိုးသမီး ဇာတ်ဆောင် ထူးချွန်ဆုကိုထိုက်တန်စွာ ရရှိခဲ့ပါတယ်အကယ်ဒမီ မေသစ်သည် ၁၉၄၁ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ ဇာတ်ဆောင် မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပြီးနောက် ၁၉၆၃ ခုနှစ်မှ စ၍ အသက်အရွယ် အရ ဇာတ်ပို့ သရုပ်ဆောင် မင်းသမီးကြီး အဖြစ် ပြောင်းလဲ သရုပ်ဆောင်သည်။ ဒေါ်မေသစ်သည် ၁၉၆၄ ခုနှစ်၊ ရှုမဝ ရုပ်ရှင် ဒါရိုက်တာ ရှုမဝဦးကျော်၏ ‘ရင်ဝယ်တသိမ့်သိမ့်’ ရုပ်ရှင်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ ထူးချွန်ဆုကို ရရှိသည်အကယ်ဒမီ ဒေါ်မေသစ်သည် ၁၉၇၆ ခုနှစ်တွင် “နွဲ့မျိုးစုံလင် နွဲ့လိုက်ချင်” ရုပ်ရှင်ကားဖြင့် အမျိုးသမီး ဇာတ်ပို့ ထူးချွန်ဆုကို ဒုတိယ အကြိမ် ရရှိပြန်ပါတယ်။

သုံးထပ်ဆင့် အကယ်ဒမီ ဒေါ်မေသစ်သည် ဇာတ်ပို့ မင်းသမီးကြီး အဖြစ် ရုပ်ရှင်ကားများ စဉ်ဆက်မပြတ် ရိုက်ကူးခဲ့ရပြီး၁၉၉၀ ပြည့်နှစ် တဝိုက် ဗီဒီယို၊ ရုပ်ရှင်ကားများ ထွန်းကားလာသည့် အခါ တကား နှစ်ကားသာ ရိုက်ကူးပြီး ရုပ်ရှင် သရုပ်ဆောင် အဖြစ်မှ အနားယူလိုက်ပါတယ် ရုပ်ရှင်မှ အနားယူပြီးနောက် ဒေါ်မေသစ်သည် ဒါန၊ သီလ၊ ဘာဝနာ လုပ်ငန်းများကို တတ်အားသမျှ ဆောင်ရွက်ရင်း သားသမီး မြေးများနှင့် ပျော်ရွှင် ချမ်းမြေ့စွာ နေထိုင်ခဲ့ပါတယ်အကယ်ဒမီ ဒေါ်မေသစ်တွင် အိမ်ထောင် နှစ်ဆက် ရှိခဲ့ပါတယ်။ ပထမ အိမ်ထောက်ဖက်မှာ ဦးကိုကို ဖြစ်ပြီး ဦးကိုကိုနှင့်ဒေါ်မေသစ်တို့တွင် သားကြီး ကိုကိုဦး၊ သားလတ် ကိုကိုလတ်၊ သမီးထွေး မဝင်းရီတို့ ထွန်းကားခဲ့ပါတယ်။ ဦးကိုကိုနှင့် ဒေါ်မေသစ်တို့ ဘဝအကွေ့အပြောင်း၌ ရေစက်ကုန်သည့် အခါ နှစ်ဦး သဘောတူ လမ်းခွဲ ခဲ့ကြပြီး အရွယ် ရှိသေးသည့် ဒေါ်မေသစ်မှာ တိုင်းသာသနာရေး အရာရှိ ဦးဝင်းနှင့် ဒုတိယ အိမ်ထောင် ထူခဲ့ပြန်ပါတယ်။ဒုတိယ အိမ်ထောင်ဖက် ဦးဝင်းသည် ဒေါ်မေသစ်နှင့် ဆယ်နှစ်ကျော်ခန့် ပေါင်းသင်းပြီး ကွယ်လွန် သွားခဲ့ပါတယ်။ဒေါ်မေသစ်သည် အသက်အရွယ် ရလာသည့် အခါ နာမကျန်း ဖြစ်လာ၍ ဆာကူရာ အထူးကု ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေရာ မှ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေညနေ ၄ နာရီ ၂၅ မိနစ်တွင် ကွယ်လွန် အနိစ္စ ရောက်ရှိခဲ့ပါတယ်။ကွယ်လွန်ချိန်တွင် သားသမီးလေးဦးကျန်ရစ်ခဲ့ပါတယ်။ မြန်မာ့နိုင်ငံရဲ့ တစ်ချိန်က နာမည်ကျော်ကြားခဲ့တဲ့ မင်းသမီးကြီးတွေရဲ့ အောင်မြင်ကျော်ကြးမှု အကြောင်းက ပြန်လည်သိရှိရသူအဖို့တော့ ကျက်သီးမွှေးညင်းထစရာပါပဲနော်။

အခုဆိုရင်တော့မြန်မာ့ရုပ်ရှင်လောက ရဲ့ တစ်ချိန်က လျှမ်းလျှမ်းေတာက်ေအာင်မြင်ကျော်ကြားခဲပြီး မြန်မာဂုဏ်ဆောင်မင်းသမီးကြီးတစ်လက်ဖြစ်ခဲ့တဲ့ ထပ်ဆင်အကယ်ဒမီ မင်းသမီးကြီး ဒေါ်မေသစ်အကြောင်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။