အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် နဲ့ မြေးတော်စပ်သူ မင်းသား ကျော်ကျော်ဗိုလ် ရဲ့ ဘဝအကြောင်း

ကျော်ကျော်ဗိုလ် ရဲ့ မိဘမျိုးရိုးကတော့ သဘင်မျိုးရိုးဖြစ်ပါတယ်....

အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် နဲ့ မြေးတော်စပ်သူ မင်းသား ကျော်ကျော်ဗိုလ် ရဲ့ ဘဝအကြောင်း

ကျော်ကျော်ဗိုလ်ကတော့ သရုပ်ဆောင်၊ အဆိုတော်၊ Dancer နဲ့ နှင်းဆီအဖွဲ့ဝင် လူရွှင်တော်တစ်ဦး ဖြစ်ပါတယ်။  ကျော်ကျော်ဗိုလ်ကိုတော့ ၁၉၇၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှာ အဖ ဦးဝင်းဗိုလ်၊ အမိ ဒေါ်ခင်သန်းမြင့်တို့မှ မွေးဖွားခဲ့ပါတယ်။ ဇာတိကတော့ ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ရဲ့ မိဘမျိုးရိုးကတော့ သဘင်သည်မျိုးရိုးဖြစ်ပြီး မိသားစုဝင် အများစုဟာ အနုပညာသည်တွေ ဖြစ်ကြပါတယ်။ အဖိုးဖြစ်သူကတော့ ဇာတ်မင်းသားကြီး အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဦးဝင်းဗိုလ်ဟာလည်း ဇာတ်မင်းသား တစ်ဦးဖြစ်ပြီးတော့ ကျော်ကျော်ဗိုလ်ဟာ အကယ်ဒမီ ၇ခု ပိုင်ရှင် မင်းသားကြီး ဦးညွှန့်ဝင်း၊ ဇာတ်မင်းသားတွေဖြစ်ကြတဲ့ ဆန်းဝင်း၊ ဝင်းမောင်၊ ချမ်းသာ တို့ရဲ့ တူတော်စပ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ မွေးချင်းနှစ်ဦးရှိပြီး ညီတစ်ယောက်ရှိပါတယ်။ ပညာ‌ရေးအနေနဲ့ကတော့ ရန်ကုန်တက္ကသိုလ်မှာ Chemistry Major ကို တက်ရောက်သင်ကြားခဲ့ပါတယ်။

ကျော်ကျော်ဗိုလ်ဟာ အနုပညာလောကထဲကို အသက် ၁၀နှစ် အရွယ်ကတည်းက စတင်ဝင်ရောက်ခဲ့ပါတယ်။ ပထမဆုံးအကြိမ် ကလေးသရုပ်ဆောင်အဖြစ်နဲ့ ချစ်ရင်မျက်ရည်မကျနဲ့ ဆိုတဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး အတာရေနဲ့ဆေးပါ့မယ်၊ မိုးနဲ့လေနဲ့မုန်တိုင်းနဲ့ စတဲ့ ဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ဆက်လက်ပါဝင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်၊ ၁၉၉၆ မှာတော့ Mr.Guitar ဆိုတဲ့ Cafe မှာ အဆိုတော်အဖြစ် ၄ နှစ်ကြာအောင် လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ ဦးလေးတွေရဲ့ သစ္စာ၊ မေတ္တာ၊ ‌ရွှေမန်းသဘင်မှာ ၄ နှစ်ကြာအောင် အငြိမ့်မင်းသားအဖြစ် ပါဝင်ခဲ့ပါတယ်။ 

သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ ၂၀၀၆ ခုနှစ်မှာ မင်း ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ခေါင်းဆောင်မင်းသားအဖြစ် စာချုပ်ချုပ်ခဲ့ရာက စတင်ခဲ့ပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်ကူးတဲ့ ဘယ်သူပြောလဲ တစ်တောလုံးကြွေ၊ ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ ကကက ဆိုတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကျော်ကျော်ဗိုလ် အဖြစ် လူသိများလာခဲ့ပါတယ်။ ရွှေနားတော်သွင်း ချစ်ခြင်းစကား ဆိုတဲ့ဇာတ်ကားမှာလည်း အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပြီး အတော်လေး လူကြိုက်များခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ လက်ရှိအချိန်အထိ ကျော်ကျော်ဗိုလ်ဟာ ရုပ်ရှင်နဲ့ဗီဒီယိုကားပေါင်း ၃၀၀ ကျော်ကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ သူရဲ့အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ မုန်းစွဲ ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ နေတိုး၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့ ဖြစ်ကြပြီး Religious Drama အမျိုးအစား ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ဟာ ဇာတ်ရုပ်နဲ့လိုက်ဖက်အောင် သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ပြည်တွင်းပရိသတ်တွေကြားမှာ အတော်လေး Hit ဖြစ်ခဲ့ပြီး စင်္ကာပူနိုင်ငံမှာပါ မြန်မာနိုင်ငံက ရုံတင်ရက်အတိုင်း ပြသခဲ့ပါတယ်။ 

ကျော်ကျော်ဗိုလ် ဟာ ၂၀၀၈ ခုနှစ်မှာ မဇာဇာနဲ့ လက်ထပ်ခဲ့ပြီး သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ အချိန်တိုင်းအားပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ အနုပညာရှင်တွေရဲ့ Update သတင်းတွေအပြင် တခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ၊ အဆိုတော်များ နဲ့ နယ်ပယ်စုံအလွှာစုံ က အနုပညာရှင်အသီးသီး တို့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသိရှိရသလောက် ဖော်ပြပေးအုန်းမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါအုန်းနော်…။