မြန်မာ့ဇာတ်သဘင်လောကရဲ့ ဥသျှောင်ဖခင်ကြီး အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် ရဲ့ အတုယူဖွယ် သူ့ဘဝ သူ့အနုပညာ
ဇာတ်ကနေရင်းကွယ်လွန်သွားခဲ့တဲ့ ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင် ...
လွတ်လပ်ရေးရပြီးစ မြန်မာ့ဇာတ်သဘင်လောကမှာ နာမည်ကျော် လူကြိုက်များခဲ့တဲ့ အင်္လကာကျော်စွာဘွဲ့ရ ဇာတ်မင်းသားကြီးတစ်ဦးဖြစ်တဲ့အပြင် မြန်မာ့ဇာတ်သဘင်လောကကြီးကို တမူထူးခြားအောင် ဆန်းသစ်နိုင်ခဲ့သူကတော့ ရွှေမန်း ဦးတင်မောင် ပဲ ဖြစ်ပါတယ်။ ဇာတ်မင်းသားကြီး ဂရိတ်ဦးဖိုးစိန် မရှိတော့တဲ့နောက်ပိုင်း သဘင်တစ်ခေတ်ကို ဆက်လက်ဦးဆောင်ထိန်းသိမ်းခဲ့ပြီး ပိုမိုခမ်းနားလာအောင် ကြိုးစားခဲ့တဲ့ ရွှေမန်း ဦးတင်မောင် ရဲ့ လေးစားအတုယူဖွယ်ရာ သူ့ဘဝသူ့အကြောင်းပုံရိပ်တွေကို တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။
အလင်္လကာကျော်စွာ ရွှေမန်းတင်မောင် ကို ဖခင် သစ်ဝါးကုန်သည်ကြီး ဦးပြား၊ မိခင် ဒေါ်မေ တို့မှ မြန်မာသက္ကရာဇ် ၁၂၈၀ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၄ ရက်၊ ခရစ်နှစ် ၁၉၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ စနေနေ့မှာ ဖွားမြင်ခဲ့ပါတယ်။ မွေးချင်း ကိုးဦးအနက် အငယ်ဆုံးသားထွေး ဖြစ်ပါတယ်။ မန္တလေးမြို့ဇာတိဖြစ်ပြီး နာမည်အရင်းကတော့ တင်မောင် ပါ။ သူ့အသက် ရှစ်နှစ်အရွယ်မှာဖခင်ကြီးကွယ်လွန်သွားခဲ့ပြီး မိခင်ကြီး ဒေါ်မေ ဟာ သားသမီးကိုးယောက်ကို လူလားမြောက်အောင် တာဝန်ယူစောက်ရှောက်ခဲ့ပါတယ်။
အငယ်ဆုံးသားလေးဖြစ်တဲ့ မောင်တင်မောင် ဟာ တခါတရံ အစ်မဖြစ်သူ မအားလပ်တဲ့အခါ အကြော်ကူရောင်းပေးလေ့ရှိပေမယ့် အမေနဲ့အစ်မများက မခိုင်းရက်ခဲ့ဘဲ မန္တလေးမြို့၊ မိုးကောင်းတိုက်၊ တိုက်ကြပ်ကျောင်းဆရာတော် ဦးနန္ဒဝံသ ထံမှာ ပညာသင်ယူစေခဲ့ပါတယ်။ စာသင်သားဘဝမှာ ကကြီး၊ ခခွေးကို သီချင်းဖြစ်အောင် ဆိုတတ်တဲ့အပြင် တစ်နှစ်သုံးလေးကို ဂီတသံပါအောင် သီဆိုတတ်တဲ့ ကြည်လင်အောင်မြင်တဲ့အသံပိုင်ရှင် မောင်တင်မောင် ဟာ ဆယ်နှစ်သားအရွယ်မှာ ရှင်သာမဏေဘဝအရောက်ပြန်တော့လည်း ပါဠိဘာသာဂါထာများ၊ သဒ္ဒါကြီးသုတ်စဉ်များ နဲ့၊ အဘိဓမ္မာ သင်္ဂြိုဟ် တွေကိုလည်း နာမည်ကျော် ဓမ္မကထိကတစ်ဦးကဲ့သို့ သံနေသံထားမှန်မှန်ဖြင့် စည်းဝါးမိအောင် ရွတ်ဆိုနိုင်ခဲ့ပါတယ်။ သူ့ရဲ့ငယ်ဆရာ ဦးနန္ဒဝံသ ကတော့ ပါရမီထူးရှိတဲ့ တင်မောင် ဟာ ပရိယတ္တိစာပေကို သင်ကြားလိုက်ရင် ထိတ်ထိတ်ကြဲဖြစ်လာနိုင်တယ်လို့ တွေးဆမိတဲ့အတွက် သူ့ကိုသင်္ကန်းဝန်နှင့်မြဲစေပြီး စာချ၊ ဓမ္မကထိက ပုဂ္ဂိုလ်ဖြစ်လာဖို့ မျှော်လင့်ခဲ့ပေမယ့် ဇာတ်ကဖို့ကိုသာ စိတ်အားထက်သန်ခဲ့ပါတယ်။
"ရွှေမန်းတင်မောင်"ရယ်လို့ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့အထိ မြေတောင်မြှောက်ပေးခဲ့သူမှာ ဘကြီးတော်စပ်တဲ့ နာမည်ရ စာချ၊ ဓမ္မကထိက ဦးကေသရ ပဲ ဖြစ်ပါတယ်။ ဦးကေသရ ဟာ ဇာတ်အလွန်ကချင်နေတဲ့ မောင်တင်မောင်ကို ကထိန်ပွဲအထိမ်းအမှတ်အနေနဲ့ကပြတဲ့ စက်မြင်းယိမ်း မှာ စတင်ကစေခဲ့ပြီးနောက် စာရေးဆရာ ဦးထွန်းရ ထံ အပ်နှံပြီး ယိမ်းအတတ်ပညာကို သင်ယူစေခဲ့ပါတယ်။ တင်မောင် ပါဝင်ကပြတဲ့ စက်မြင်းယိမ်းတိုင်းဟာ အောင်မြင်မှု့တွေရရှိခဲ့ပါတယ်။ ထို့နောက် သဘင်လောကထဲကို ဝင်ရောက်မယ်ဆိုရင် ဆိုင်းပညာက အလွန်အရေးပါတဲ့အခြေခံပညာတစ်ရပ်ဖြစ်တာကြောင့် အမြော်အမြင်ကြီးတဲ့ ဘကြီးတော် ဦးကေသရ ဟာ မောင်တင်မောင် ကို စိန်ပါတူဆိုင်းမှာ ဆိုင်းပညာရရှိစေဖို့ ဆိုင်းမင်းသားအဖြစ် ကစေခဲ့ပါတယ်။
မောင်တင်မောင် ဟာ ဆိုင်းပညာနဲ့ပတ်သတ်တဲ့ သိမှတ်စရာပညာများစွာရရှိခဲ့ပြီးနောက် ဦးလေးဖြစ်သူ ပုလိုင်းမယ်ငွေ (ခေါ်) ဦးငွေ ရဲ့ ရုပ်သေးစင်မှာ နောက်ခံသီချင်းသီဆိုရင်း ပညာသင်ခဲ့ပြန်ပါတယ်။ ထူးခြားတဲ့သူ့အသံကို ပရိသတ်များက နှစ်သက်လွန်းတဲ့အပြင် ရုပ်နဲ့အသံတွဲဖက်ကတာ မြင်ချင်ကြတာကြောင့် ရုပ်သေး မင်းသမီး၊မင်းသား နှစ်ပါးမသွားမှီ တပင်တိုင် ဆီးသီးကောက် မင်းသားငယ်အဖြစ် လူကိုယ်တိုင်ထွက်၍ ကပြရပါတော့တယ်။ ထို့နောက် ဘကြီးတော် ဦးကေသရ ရဲ့ ညွှန်ကြားချက်အတိုင်း မြခြေချင်း ဒေါ်ငွေမြိုင် ဆီမှာ သဘင်ပညာကို ၃နှစ်ခန့် ဆက်လက်သင်ယူခဲ့ပါတယ်။ ဒေါ်ငွေမြိုင် ရဲ့ သဘင်အတတ်သင်ကျောင်းထွက် မင်းသားတိုင်း "ရွှေမန်း" ဆိုတဲ့ဘွဲ့ကိုရရှိကြပေမယ့် "ရွှေမန်း" ဟာ တင်မောင် ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ကဲ့သို့ "ရွှေမန်း"လို့ဆိုလိုက်ရင် တင်မောင် ကိုသာသတိထားမိခဲ့ကြပါတယ်။
"ရွှေမန်းတင်မောင်" ရဲ့ဘဝကို စတင်သရုပ်ဖော်ပေးခဲ့တာကတော့ မြခြေချင်း ဒေါ်ငွေမြိုင် ရဲ့တူမ မင်းသမီး ခင်ခင်ကြည်နဲ့တွဲဖက်ကပြခဲ့တဲ့"တူမပေး"သီချင်းနဲ့ဖြစ်ပြီး ထို့မှတစ်ဆင့် ယောက်ဖဖြစ်သူ ပွဲစားကြီး ဦးခင်သက် က သီးခြားဇာတ်ထောင်ပေးခဲ့ပြီး အသက် ၁၈ နှစ်မှာ ဇာတ်မင်းသားဘဝကိုရောက်ရှိစေခဲ့ပါတယ်။ ပရိသတ်တွေရဲ့တောင်းဆိုမှု့အရ "ဗလာပွဲ၊ ကြည့်ချင်ပွဲ"အဖြစ် ဇာတ်ခုံပေါ်ကနေ အခမဲ့ကပြခဲ့ပေမယ့် နောက်ပိုင်းမှာ "ရုံဝင်ခ" ကို "မတ်တန်း" နဲ့စတင်ခဲ့ကာ လွတ်လပ်ရေးခေတ်မှာတော့ ရုံဝင်ခမှာ တစ်ကျပ်မှတစ်ကျပ်ခွဲအထိဖြစ်လာပြီး ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးမှု့နဲ့ တစ်ညဝင်ငွေ ၃၀၀၀၀ ခန့်အထိ ရရှိလာခဲ့ပါတယ်။ ထို့နောက် ရှေ့ပိုင်းမှာ နှစ်ပါးသွား၊ နောက်ပိုင်းမှာ ဂီတရူးကဲ့သို ပြဇာတ်မျိုး၊ ကြည့်လိုက်တိုင်းရိုးမသွားစေတဲ့ပြဇာတ်များအပြင် မျိုးချစ်စိတ်ဓာတ် နိုးကြားလာစေမည့် လက်ဝဲသုန္ဒရ လို့ ပြဇာတ်မျိုးတို့နဲ့ "ညဥ့်ဝက် စနစ်သစ်သဘင်" ကိုထပ်မံတီထွင်လိုက်တဲ့အခါ မြန်မာ့ရုပ်ရှင်လောက ရဲ့ အရှိန်အဝါအောက်မှာ နစ်မွန်းနေတဲ့ မြန်မာ့ဇာတ်သဘင် ဟာ ရွှေမန်းတင်မောင် ရဲ့ ညဥ့်ဝက်စနစ်ကြောင့် ပိုမိုဆန်းသစ်လာခဲ့ပါတယ်။
ရွှေမန်းတင်မောင် ဟာ ဇာတ်သဘင်လောကမှာ အရွယ်ရဲ့ကောင်းခြင်း၊ ရုပ်ရည်၊ အသံ၊ အဆို၊ အပြော အစရှိတဲ့ ဇာတ်မင်းသားတစ်ယောက်မှာရှိသင့်တဲ့ ကောင်းခြင်း လက္ခဏာငါးပါးနဲ့ပြည့်စုံတဲ့ အပြင် "တီထွင်ညဏ် "ထူးချွန်တဲ့မင်းသားကောင်းတစ်လက်ဖြစ်ပါတယ်။ ဒါကြောင့် မဟာဆွေ ရဲ့ "လက်ဝဲ သုန္ဒရ"ဝတ္ထုကို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် ဇာတ်ကွက်တွေနဲ့ တီထွင်ဆန်းသစ်ကာ သရုပ်ဆောင်ခဲ့တဲ့ လက်ဝဲသုန္ဒရဇာတ်ထုပ် ဗုဒ္ဓဝင်ဖွားတော်မူခန်း၊ လေးတော်တင်ခန်း၊ တောထွက်ခန်းစတဲ့ ဇာတ်တော်ကြီးများဟာလည်း ဇာတ်သဘင်လောကမှာ အရမ်းကိုနာမည်ကျော်ကြားခဲ့ပါတယ်။ ရွှေမန်းတင်မောင် ရဲ့ အဆို၊ အပြော၊ အဟော တွေဟာ ကောင်းလွန်းခဲ့တာကြောင့် လက်ရှိအချိန်ထိ အပြောကောင်းသူတွေ့ရင် "အပြောကတော့ ရွှေမန်း" ပဲလို့ ပြောစမှတ်တွင်ခဲ့တဲ့အပြင် ကလေးတွေ မငိုမတိတ်ပါက '' ဒီကလေးတော်တော်ငိုတယ် ရွှေမန်းတင်မောင် တောင် အရှုံးပေးရလောက်တယ် "လို့ တင်စားပြောဆိုကြတဲ့အထိ အသံပါရမီကောင်းလွန်းတဲ့ ဇာတ်မင်းသားကြီးတစ်လက်ဖြစ်ခဲ့ပါတယ်။
ရွှေမန်းတင်မောင် ရဲ့ ဇာတ်ခုံပေါ်မှာ လူကြိုက်များနေတဲ့ ယိမ်းအကအစား နိုင်ငံခြားမှာခေတ်စားနေတဲ့ "အော်ပရာ" ကို မြန်မာမှု့မြန်မာ့ဟန်နဲ့ ပြန်လည်ဆန်းသစ်ကပြခဲ့ပြီး ဇာတ်ခုံတွေပေါ်မှာ မပါမဖြစ်အနေနဲ့ ခေတ်စားလာခဲ့ပြန်တယ်။ ရွှေမန်းတင်မောင် ရဲ့ အော်ပရာများအနက် အကောင်းဆုံးအော်ပရာများမှာ ၅၅၀ နိပါတ်တော်၊ ဗုဒ္ဓဝင်၊ ရာဇဝင်များနှင့် ဘုရားသမိုင်းများကို အခြေခံထားတဲ့ ဝဏ္ဏပထ၊ ရွဲကုန်သည်၊ ဒေဝဓမ္မ၊ တေလပတ္တ၊ လောကနတ် အစရှိတဲ့ အော်ပရာများဖြစ်ပါတယ်။ "တတ်ခြင်း၏အဆုံးသည် ကျခြင်း၊ ကျခြင်း၏အဆုံးသည် တတ်ခြင်း" သဘောတရားအရ ဘယ်အလုပ်မဆို အကျထိရောက်အောင် စောင့်ဆိုင်းနေသူမဟုတ်တဲ့ ရွှေမန်းတင်မောင် ဟာ သူ့ရဲ့ဇာတ်ခုံပေါ်မှာ အစွမ်းကုန်အောင်မြင်နေတဲ့ အော်ပရာ ကို ရုတ်သိမ်းကာ ဂီတရူး၊ သဘင်ရူး၊ ချစ်ပြည်ထောင်စု၊ ချစ်မိစ္ဆာ၊ အောင်ဘာလေ၊ ရွှေကြေးစည်၊ ရွဲကုန်သည်၊ မောင်မှူး အစရှိတဲ့ ပြဇာတ်တွေနဲ့အစားထိုးကပြခဲ့ပြီး လူကြိုက်များခဲ့ပြန်ပါတယ်။
တီထွင်ညဏ်ကြီးတဲ့ ရွှေမန်းတင်မောင် ကတော့ ပြဇာတ်တွေအောင်မြင်မှု့အရှိန်တတ်နေချိန်မှာ ပြဇာတ်အစား "ဘဲလေး"အကကို ဇာတ်ခုံပေါ်သို့ တင်ခဲ့ပြန်ပါတယ်။ အကထက် အဆိုကိုဦးစားပေးကရတဲ့ "အော်ပရာ" နဲ့ အဆိုမပါ အတီးနှင့်အကသက်သက်ဖြစ်တဲ့ "ဘဲလေး" ကို မြန်မာကြိုက်ဖြစ်စေဖို့နှစ်ခုစပ်ပြီး "ပဒေသာကပွဲ" ဆိုပြီးထပ်မံပုံဖော်ခဲ့ပါတယ်။ ရွှေမန်းတင်မောင် ဟာ ၁၉၅၆ ခုနှစ်မှာ တရုတ်နှင့် ရှရှားနိုင်ငံကို ယဥ်ကျေးမှု့အဖွဲ့အနဲ့အတူ သွားရောက်လေ့လာခဲ့ပြီး ဗဟုသုတများရှာဖွေခဲ့တဲ့အပြင် ၁၉၅၉ ခုနှစ်လောက်မှာ အမေရိကန်နိုင်ငံကို ထပ်မံသွားရောက်ခဲ့ရပြီး အနောက်တိုင်းယဥ်ကျေးမှု့တွေကို လေ့လာရင်း မြန်မာ့အဆို၊အကအနုပညာတွေကို ကပြခွင့်ရခဲ့ပါသေးတယ်။ အမေရိကန်ကနေ ပြန်လည်ရောက်ရှိလာပြီးနောက် ညဝက်စနစ်သဘင်သစ် ကို မြို့ကြီးပြကြီးများအတွက် ရည်ရွယ်ပြီး ကပြခဲ့ပေမယ့် မြို့ငယ်၊ရွာငယ်တွေမှာ ပိုမိုအောင်မြင်တွင်ကျယ်ခဲ့ပါတယ်။ ညဝက်စနစ်ဆိုတာ ဇာတ်ပွဲတစ်ပွဲကို ည ၁၂ နာရီထိသာကပြရပြီး စားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်နေကြတဲ့ နယ်ပရိသတ်တွေအတွက် အလွန်အဆင်ပြေတာကြောင့်ပဲ ဖြစ်ပါတယ်။
ရွှေမန်းတင်မောင် ဟာ ခေါင်းဆောင်မင်းသားအနေနဲ့ ဝိမာန၊ သင်္ခ၊ မနောဟရီ စတဲ့ ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့ပြီး ရုပ်ရှင်လောကကို ခြေချခဲ့ပါသေးတယ်။ ဒါအပြင် သဘင်ပညာကို ပြန့်ပွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဇာတ်သဘင်ပညာနဲ့ပတ်သတ်တဲ့ ဆောင်းပါးများကို ရေးသားမှတ်တမ်းတင်ခဲ့ပါသေးတယ်။ ရွှေမန်းတင်မောင် ရဲ့ အောင်မြင်တဲ့သီချင်းများစွာထဲကမှ "အောင်ပါစေ" သီချင်းဟာ အလွန်မင်္ဂလာရှိပြီး သမိုင်းတစ်လျှောက်ထင်ရှားတဲ့ သီချင်းခဲ့ဖြစ်ကာ မြို့ငယ်၊ တောနယ်အနှံ့ရှိ ရှင်ပြုအလှူ၊ မင်္လာပွဲတွေမှာ ယနေ့ထက်တိုင်ကြားနေရဆဲပင်ဖြစ်ပါတယ်။ ငယ်စဥ်က ကုန်သည်မျိုးရိုးကနေ ဆင်းသက်လာခဲ့တဲ့ ရွှေမန်းတင်မောင် ဟာ သဘင်သည်မျိုးရိုးမဟုတ်ပေမယ့် မြန်မာ့ဇာတ်သဘင်ကို ဦးဆောင်နိုင်ခဲ့တဲ့ အရည်အချင်းတွေက အံ့သြမဆုံးနိုင်ပါပဲနော်။
မြန်မာ့ရုပ်ရှင် ငွေရတုသဘင်ပွဲ နှင့် စက်မှုလက်မှုပြပွဲကြီးကို ရွှေတိဂုံဘုရား အနောက်ဘက်မုခ် မြေကွက်လပ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ၁၉၄၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး လက်ဝှေ့ပွဲအပါအဝင် နာမည်ကျော် စိန်မဟာသဘင် နဲ့အတူ ရွေမန်းတင်မောင်ဇာတ်သဘင် တို့ ဖျော်ဖြေခဲ့ကြကာ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း နှင့် နာမည်ကျော်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ပြည်သူတွေအနေနဲ့ လွတ်လပ်ရေးကို စည်းလုံးမှု့အင်အားနဲ့ရယူနိုင်ခဲ့ကြောင်း ကပြထားတဲ့ "လွတ်လပ်ရေးဗိမာန်" အမည်ရ အော်ပရာကို ရွှေမန်းသဘင် စင်မြင့်ပေါ်မှာ တင်ဆက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ဟာ သဘောကျနှစ်သက်တာကြောင့် ဇာတ်ခုံပေါ်ကို ကိုယ်တိုင်တတ်ကာ ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ ရှေးခေတ်က အနုပညာရှင်တွေဟာ လွတ်လပ်ရေးအတွက် လက်နက်ကိုင်ပြီးတိုက်ပွဲမဝင်ခဲ့ကြပေမယ့် တတ်ကျွမ်းတဲ့အနုပညာနဲ့ မြန့်မာလွတ်လပ်ရေးကြိုးပမ်းတဲ့နေရာမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြရာမှာ ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်လည်း ပါဝင်ခဲ့ပါတယ်။
ရွှေမန်းတင်မောင် ဟာ စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများကို ချီးမြှင့်တဲ့ အလင်္ကာကျော်စွာဘွဲ့ကို ၁၉၅၃ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ရုပ်ရှင်၊ ဂီတ၊ စာပေအစရှိတဲ့ နယ်ပယ်အသီးသီးတွေမှာ အင်္လကာကျော်စွာတွေများစွာ ပေါ်ထွန်းခဲ့ပေမယ့် ဇာတ်သဘင်မှာတော့ အလင်္ကာကျော်စွာဘွဲ့ကို ရရှိခဲ့တဲ့ ဇာတ်မင်းသားဟာ ရွှေမန်းတင်မောင် တစ်ဦးထဲပဲရှိခဲ့ပါတယ်။
အနုမြူရောင်ခြည် ခေါ် ဆလိုက်မီးများသုံးပြီး တီထွင်မှု့အသစ်အဆန်းတွေကို ဇာတ်ခုံပေါ်မှာ စတင်သုံးစွဲခဲ့သူမှာ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ပင်ဖြစ်ပါတယ်။ ဇာတ်ခုံကိုအမှောင်ချကာ သိပ္ပံနည်းကျအစီအမံတွေနဲ့ အရောင်တဝင်းဝင်းတောက်လျက်ရှိတဲ့ အနုမြူအဝတ်အစားများကို ဝတ်ဆင်ကာကပြခြင်း၊ ပိတ်ကားပေါ်မှာအမှောင်ချ၍ လျှပ်စီးလက်ဟန်၊ မိုးရွာဟန်တွေကို ဆလိုက်မီးနဲ့ပြုလုပ်ပြီး လျှပ်စီးလက်လိုက်တဲ့ ရောင်ခြည်တန်းကြီးများ နဲ့ မိုးခြုန်းသံကြီးများမှာ တကယ်အလားထင်မှားရလောက်အောင် ပရိသတ်တွေအတွက် အံ့သြအဆုံး ဖြစ်ကြရပါတယ်။ ဒါကြောင့်"မီးရောင်ခြည်အစ ရွှေမန်းက " ၊ " ရွှေမန်းတင်မောင်ဟာ မီးနဲ့ပြုစားနိုင်တယ်၊ ရွှေမန်းတင်မောင် ရဲ့ မီးရောင်ခြည်ကို ရုပ်ရှင်၊ကင်မရာတောင်လိုက်မမှီဘူး " လို့ ခေတ်အဆက်ဆက် ပြောစမှတ်တွင်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ မြန်မာ့ဇာတ်သဘင်အဆင့်အတန်းကို တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အလင်္လကာကျော်စွာ ရွှေမန်းတင်မောင် ဟာ ဇာတ်သဘင်ကို ခေတ်နဲ့အမှီလိုက်နိုင်အောင် အမျိုးမျိုးတီထွင်နိုင်ခဲ့တာကြောင့် မြန်မာ့ရုပ်ရှင်ခေတ်စားလာတဲ့အချိန်မှာတောင် ရွှေမန်းမှရွှေမန်း ဖြစ်စေခဲ့ပါတယ်။
အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ရဲ့ အောင်မြင်ကျော်ကြားခြင်း သော့ချက်ကတော့ လုံ့လဝိရီယရှိခြင်း၊ ထက်မြတ်တဲ့ညဏ်ရှိခြင်း၊ စည်းစနစ်ကြီးခြင်း နဲ့ အချိန်လေးစားခြင်းတို့ပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ကစံပြဖြစ်အောင်နေထိုင်ပြီး ဇာတ်သူဇာတ်သားများကို အဆင့်အတန်းမြင့်တဲ့အတွေးအခေါ်တွေနဲ့ စည်းကမ်းတကျနေထိုင်တတ်ဖို့ သင်ကြားပေးခဲ့တဲ့အပြင် ဇာတ်အဖွဲ့သားတွေရဲ့ ပညာရေးကိုလည်း အားပေးခဲ့ပါတယ်။ ဇာတ်ပွဲကပြနေစဥ်အတွင်း ဆိုင်းဆရာများကလည်း ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ စကားများခြင်းမရှိ ဣန္ဒြေရစွာအလှည့်ကျတီးခတ်ကြပါတယ်။ ဇာတ်အဖွဲ့အတွင်း အင်္ဂလိပ်စာပြဆရာတစ်ဦးကို ထိုခေတ်ကလူနေမှု့စရိတ်နဲ့ဆို မြင့်မားလွန်းတဲ့ လစာ ၃၀၀ ကျပ် နဲ့ ငှားရမ်းပေးထားပြီး ကိုယ်ပိုင် စာကြည့်တိုက်၊ ကိုယ်ပိုင် ဆေးခန်း တွေဖွင့်လှစ်ပေးထားပါသေးတယ်။ အားလပ်တဲ့အချိန်တွေမှာ အင်္ဂလိပ်စာသင်တန်းပို့ချပေးတာကြောင့်လည်း ဇာတ်အဖွဲ့ဝင်များအားလုံးနီးပါးဟာ အင်္ဂလိပ်စာကို ထမင်းစားရေသောက်ပြောတတ်ကြပါတယ်။
ရွှေမန်းတင်မောင် ဟာ မကွယ်လွန်ခင်မှာ သွေးတိုးရောဂါခံစားနေရကာ ဆရာဝန်က ၆ လနီးပါးအနားယူပါက သက်သာပျောက်ကင်းသွားနိုင်ပြီး ရောဂါကုသမှု့ကိုသေချာမခံယူရင် အသက်အန္တာရယ်ရှိနိုင်တယ်လို့ သတိပေးခဲ့တဲ့အပြင် တောင်ပုလုဆရာတော်ဘုရားကြီးက ခန္ဓာပျက်ကိန်းရှိမြင်တာကြောင့် ဇာတ်ကတာတစ်နှစ်လောက် အနားယူဖို့မိန့်ကြားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးကြောင့်အနားယူနေတဲ့အချိန်မှာ သူ့ကိုမှီခိုနေတဲ့ ဇာတ်အဖွဲ့သားတွေရဲ့မိသားစုစားဝတ်နေရေးတွေ ဒုက္ခရောက်မှာဆိုးတာကြောင့် ဇာတ်စင်ပေါ်မှာ မမောနိုင်မပန်းနိုင်ဘဲ ဆက်လက်ကခုန်နေခဲ့ပါတယ်။ ထို့နောက် ဆင်ပေါင်ဝဲမြို့နယ်၊ လက်ပံကျေးရွာ၊ မဟာပိန္နဲဘုရားပွဲမှာ နှစ်ပါးသွားကနေစဥ် သွေးတိုးရောဂါ လက္ခဏာပြလာခဲ့ပေမယ့် ပွဲကြည့်ပရိသတ်ကိုလေးစားတဲ့ ရွှေမန်းတင်မောင် ဟာ လူရွှင်တော်တွေကိုတွဲခိုင်းထားပြီး သီချင်းဆက်လက်သီဆိုနေခဲ့ရင်း လဲကျသွားခဲ့တာကြောင့် ဇာတ်အဖွဲ့အတွင်းကဘုရားစင်နားမှာ အနားယူစေခဲ့ပါတယ်။ အနားယူနေရင်း ဇာတ်မင်းသားခေါင်းပေါင်းကိုချွတ်ပြီး ဘုရားကိုလက်အုပ်ချီရင်း အသက်ထွက်သွားခဲ့ပါတယ်။
မြန်မာ့ဇာတ်သဘင်လောက၏ ဥသျှောင်ဖခင်ကြီး အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် ကတော့ မြန်မာသက္ကရာဇန် ၁၃၃၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်နေ့၊ ခရစ်နှစ် ၁၉၆၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၃နာရီ၊ မိနစ် ၂၀ မှာ ကွယ်လွန်သွားခဲ့ပါတယ်။ နောက်ဆုံးအချိန်ထိ ပရိသတ်တွေကို သဘင်အနုပညာနဲ့ ကြိုးကြိုးစားစားဖျော်ဖြေခဲ့တဲ့ အလင်္ကာကျော်စွာဘွဲ့ရ ပါရမီရှင် ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင် ရဲ့ နာရေးအခမ်းအနားကို အနယ်နယ်အရပ်ရပ်က ပရိသတ်တွေအားလုံး လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ရွှေမန်းတင်မောင် ရဲ့ နေအိမ် မန္တလေးမြို့ ၈၄လမ်း ကနေ ၈မိုင်ဝေးတဲ့ အုတ်စက်သုဿန်ကို သွားတဲ့လမ်းကြောင်းတစ်ခုလုံး ပရိသတ်တွေအပြည့်၊ လူရေစီးကြောင်းကြီးကဲ့သို့ ဖြစ်ခဲ့တဲ့အထိ စည်းကားခဲ့ပါတယ်။
အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ကတော့ ဇနီးဖြစ်သူ ဒေါ်သိန်းညွန့် နဲ့ သားသမီး (၇) ဦးထွန်းကားခဲ့ကာ ညွန့်ဝင်း၊ ဝင်းဗိုလ်၊ ဆန်းဝင်း၊ ဝင်းမောင်၊ ချမ်းသာ တို့ဟာ ဖခင်ဖြစ်သူလိုပဲ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြပြီး ရွှေမန်းသဘင်မျိုးဆက်ကို သားသမီးမြေးမြစ်တွေအထိ လက်ဆင့်ကမ်းထိန်းသိမ်းနေဆဲပင်ဖြစ်ပါတယ်။ ပြည်သူကိုအကျိုးပြုသော၊ အမျိုးဘာသာ သာသနာကိုအကျိုးပြုသော ဇာတ်အိမ်များကိုသာကခဲ့တဲ့ မြန်မာ့ဇာတ်သဘင်လောကမှာ အောင်မြင်ထင်ရှားခဲ့သူ ဂန္တဝင်ဇာတ်မင်းသားကြီး အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ရဲ့ ပုံတူကြေးရုပ်ထုကို သူ့ရဲ့ဇာတိဖြစ်တဲ့ မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံကြီးမှာ တွေ့မြင်နိုင်ပါတယ်။
အချိန်တိုင်းအားပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ တခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ၊ အဆိုတော်များ နဲ့ နယ်ပယ်စုံအလွှာစုံ က အနုပညာရှင်အသီးသီး တို့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသိရှိရသလောက် ဖော်ပြပေးအုန်းမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါအုန်းနော်...။