ရုပ်ရှင်လောကမှာ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ မင်းသမီး မေသန်းနု ရဲ့ဘဝအကြောင်း

မို့မို့မြင့်အောင်အလွန် ထက်ထက်မိုးဦးတို့ မတိုင်ခင်ခေတ်ဟာ မေသန်းနုခေတ်ဖြစ်ခဲ့ပါတယ်...

ရုပ်ရှင်လောကမှာ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ မင်းသမီး မေသန်းနု ရဲ့ဘဝအကြောင်း

မေသန်းနု ကတော့ မြန်မာ့ရုပ်ရှင်လောကမှာ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ သမ္ဘာရင့် မင်းသမီးကြီးတစ်ဦးပဲဖြစ်ပါတယ်။ မို့မို့မြင့်အောင်အလွန် ထက်ထက်မိုးဦးတို့မတိုင်ခင်ခေတ်ဟာ မေသန်းနုခေတ်ဖြစ်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်ဝန်းကျင်မှာ အစ်မဖြစ်သူရဲ့ ကျန်းမာရေးအခြေနေကြောင့် ရန်ကုန်မြို့ကိုရောက်ရှိလာရာက အနုပညာလောကထဲဝင်ရောက်ဖို့ အကြောင်းပါခဲ့ပါတယ်။ ကြည့်မြင်တိုင်မှာရှိတဲ့ စကားဝါရုံးမှာအလုပ်ဝင်လုပ်ရင်း တစ်ဖက်မှာလည်း ဗိုလ်ချုပ်စျေးထဲက လှသူဇာ အလှပြင်သင်တန်းမှာ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရုပ်ရှင်အစည်းအရုံးကနေ ၁/၈၄ သရုပ်ဆောင်သင်တန်းဖွင့်လှစ်တဲ့အချိန်မှာ တက်ရောက်သင်ကြားရာကနေ သူမရဲ့ အနုပညာခရီးလမ်းကို စတင်ခဲ့ပါတယ်။

မေသန်းနုကိုတော့ ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးရပ်ဇာတိကတော့ တင်္နသာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပဲဖြစ်ပါတယ်။ အမည်ရင်းကတော့ သန်းသန်းဆင့်ဖြစ်ပါတယ်။ သူမကိုတော့ ရင်းနှီးသူတွေက မဆင့်လို့ခေါ်ကြပါတယ်။ ၁/၈၄ ရုပ်ရှင်သင်တန်းကနေ မြန်မာ့ရုပ်ရှင်လောကရဲ့ ဂန္တဝင်ရုပ်ရှင်တစ်ခုဖြစ်တဲ့ သင်္ကြန်မိုးဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ သင်္ကြန်မိုးဇာတ်ကားမှာတော့ မင်းသမီးကြီးခင်သန်းနုရဲ့ သမီးဖြစ်သူနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ စိန်လိုက်လေကြာသလားလို့ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံးပါဝင်ခွင့်ရရှိခဲ့ရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပါတယ်။ ၈၈ အရေးခင်းကာလကတော့ အရှိန်အဟုန်ကောင်းနေတဲ့ သူမရဲ့အနုပညာ ခရီးလမ်းကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။

မေသန်းနုဟာ အကယ်ဒမီနဲ့ ပတ်သက်လာရင် အတော်လေးကံစပ်တယ်လို့ပြောရပါလိမ့်မယ်။ အားလုံးသိတဲ့ အကယ်ဒမီဆိုတာက နတ်ကြီးတယ်လို့ပြောရမလားပါပဲ။ ကျိန်းသေရမယ်လို့ တွက်ထားပေမယ့် လွဲခဲ့ရတဲ့သူတွေရှိသလို မထင်မှတ်ထားဘဲ အကယ်ဒမီရသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူမကတော့ ဒီလို ပိုင်ဆိုင်ဖို့ ခက်ခဲလှတဲ့ အကယ်ဒမီထူးချွန်ဆုကို ငါးကြိမ်တိုင်တိုင် ရရှိခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ မူပိုင်ချစ်သူဇာတ်ကားနဲ့ ပထမအကြိမ်၊ ၁၉၉၅ ခုနှစ်မှာ ပုဂံမှာသာတဲ့လ ဇာတ်ကားနဲ့ ဒုတိယအကြိမ်၊ ဆက်တိုက်ဆိုသလိုပဲ ၁၉၉၆ ခုနှစ်မှာ အလင်းဖျော့ ကောင်းကင်ဇာတ်ကားနဲ့ တတိယအကြိမ်၊ ၂၀၀၁ ခုနှစ်မှာတော့ ချစ်ခြင်း၏အခြားမဲ့၌ ဇာတ်ကားနဲ့ စတုတ္တအကြိမ်အဖြစ် အမျိုးသမီးဇာတ်ဆောင်ဆုကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ ငါသူတစ်ပါး ယောက်ျား မိန်းမ ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ အသက်အရွယ်အရ အမေခန်း၊ အမခန်းတွေမှာ သရုပ်ဆောင်ရင်း အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်လျှက်ရှိပါတယ်။

အိမ်ထောင်ရေးမှာတော့ သူမဟာ နာမည်ကျော် ဒါရိုက်တာတစ်ဦးဖြစ်သူ စင်ယော်မောင်မောင်နဲ့ လက်ထပ်ပြီး မင်းသန့်မောင်မောင်ဆိုတဲ့ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ သားဖြစ်သူဟာလည်း မိဘနှစ်ပါးရဲ့ အနုပညာအမွေကို ဆက်ခံကာ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပေမယ့်လည်း ပြေလည်တဲ့ ဆက်ဆံရေးရှိတယ်လို့ သိရပါတယ်။